
ကမ္ဘာ့အဆင့် ၁ အီတလီတင်းနစ်သမား ယန်းနစ်ဆင်နာသည် ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သော တားမြစ်ဆေးကိစ္စကြောင့် သုံးလ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပြီး မေလမှ ပြန်လည် ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၃ နှစ်ရှိပြီဖြစ်သူ ဆင်နာသည် ပြီးခဲ့သည့်နှစ် မတ်လအတွင်း တားမြစ်ဆေး စစ်ဆေးမှုပြုလုပ်စဉ် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် Closetbol သုံးစွဲထားကြောင်း နှစ်ကြိမ်စစ်ဆေးတွေ့ရှိခဲ့သည်။ သို့သော် ဆင်နာ က လက်ဒဏ်ရာကို ကုထုံံးဖြင့် နှိပ်နယ်ကုသစဉ် ခန္ဓာကိုယ်အတွင်းသို့ Closetbol ဝင်သွားခြင်းဖြစ်ကြောင်း ဖြေရှင်းမှုကို လွတ်လပ်သည့် ခုံရုံးက လက်ခံခဲ့ပြီး ကစားသမား၏အမှား သို့မဟုတ် ပေါ့ဆမှုကြောင့် မဟုတ်ကြောင်း သြဂုတ်တွင် ဆုံးဖြတ်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA) က စက်တင်ဘာတွင် အယူခံဝင်ခဲ့ပြီး ဆင်နာအား တစ်နှစ်မှ နှစ်နှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့သည်။ ယင်းဖြစ်ရပ်အတွက် သုံးလပွဲပယ်ပြစ်ဒဏ် ချမှတ်ရန် WADA နှင့် ဆင်နာတို့အကြား သဘောတူညီမှုရရှိခဲ့ပြီး ပွဲပယ်ကာလမှာ ဖေဖော်ဝါရီ ၉ ရက်မှ မေ ၄ ရက်အထိဖြစ်ကာ ဧပြီ ၁၃ ရက်တွင် တရားဝင်လေ့ကျင့်မှု ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ဆင်နာအနေဖြင့် ဂရင်းစလင်းပြိုင်ပွဲများ လွဲချော်မည်မဟုတ်ဘဲ မေလအတွင်း ကျင်းပမည့် ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
"ကျွန်တော့်ရဲ့အသင်းအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတာ အမြဲတမ်းလက်ခံထားပါတယ်။ WADA ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေက ကျွန်တော်နှစ်သက်တဲ့ အားကစားအတွက် အရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်တယ်ဆိုတာ နားလည်ထားပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် သုံးလ ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ WADA ရဲ့ ကမ်းလှမ်းမှုကို ကျွန်တော်လက်ခံခဲ့တာပါ" ဟု ဆင်နာက ရှေ့နေအဖွဲ့မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
သို့သော် ယခုဆုံးဖြတ်ချက်အပေါ် လက်ရှိကစားနေသူများနှင့် ကစားသမားဟောင်းများက ဝေဖန်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ရရှိဖူးသည့် ဆွစ်ဇာလန်ကစားသမား ဝေါ်ရင်ကာ က "ဒါက သန့်ရှင်းတဲ့အားကစားဆိုတာကို ထပ်ပြီးမယုံတော့ဘူး" ဟုလည်းကောင်း၊ သြစတြေးလျကစားသမား ကေးရီယော့စ်က "ဆင်နာရဲ့အဖွဲ့က ရှေ့ဆက်သွားနိုင်ဖို့ သူတို့ စွမ်းအားကိုသုံးပြီး အရာအားလုံးလုပ်ခဲ့တာ သေချာပါတယ်။ သုံးလပွဲပယ်ပြစ်ဒဏ်ကိုယူလိုက်တယ်။ ဆုဖလားရော ဆုကြေးပါ ဆုံးရှုံးစရာမရှိဘူး။ တင်းနစ်အတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ တင်းနစ်မှာ တရားမျှတမှု မရှိဘူး" ဟုလည်းကောင်း ပြောကြားခဲ့သည်။
ဆင်နာသည် ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ရရှိထားပြီး ၂၀၂၄ သြစတြေးလျ အိုးပင်းနှင့် ယူအက်စ်အိုးပင်း၊ ၂၀၂၅ သြ စတြေးလျအိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲထားခြင်း ဖြစ်သည်။