
မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနေသည့် တောင်ပံကစားသမား အာမက်ဒီယာလိုသည် လေ့ကျင့်ရေးကွင်း၌ ခြေချင်းဝတ် အရွတ်ဒဏ်ရာရရှိခဲ့သောကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမား ဒီယာလို (၂၂ နှစ်) သည် ယခုတစ်ပတ် စပါး အသင်းနှင့်ပွဲမတိုင်မီ လေ့ကျင့်မှုပြုလုပ်စဉ် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ၎င်း၏ဒဏ်ရာကို စစ်ဆေးမှုပြုလုပ်နေဆဲဖြစ်သော်လည်း ရက် သတ္တပတ်အတန်ကြာ အနားယူရမည်ဖြစ်ပြီး ယခုရာသီတွင် ပြန်ကစားနိုင်ဖွယ်မရှိတော့ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြလျက်ရှိသည်။
"ရာသီအတွက် အရေးပါတဲ့အချိန်မှာ ဒီစာကိုရေးရတာ အရမ်းစိတ်ပျက်မိပါတယ်။ ကံမကောင်းစွာပဲ ကျွန်တော်က ဒဏ်ရာတစ်ခုကြောင့် အချိန်တချို့ အနားယူရတော့မှာပါ။ ပိုသန်မာတဲ့အခြေအနေနဲ့ ကျွန်တော်ပြန်လာမှာပါ။ ဒီအချိန်က အပြင်မှာရှိနေသူတွေကို အားပေးရမှာပါ။ ကစားဖို့အတွက် အားတွေရှိနေတုန်းပါပဲ" ဟု ဒီယာလိုက Instagram မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။
ဒီယာလိုသည် ယခုရာသီတွင် မန်ယူ အသင်းအတွက် ခြေစွမ်းပြကစားနိုင်သူ အနည်းငယ်အနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ဇန်နဝါရီလအတွင်း ဆောက်သမ်တန်အသင်း နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စီနီယာကစားသမားဘဝ ပထမဆုံးဟက်ထရစ် သွင်းယူနိုင် ခဲ့သည်။ ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၂၂ ပွဲကစား၊ ခြောက်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ခြောက်ကြိမ်၊ ယူရိုပါလိဂ်တွင် ရှစ်ပွဲ ကစား၊ နှစ်ဂိုး၊ လိဂ်ဖလားတွင် သုံးပွဲကစား၊ တစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးထားသည်။
မန်ယူအသင်းတွင် ခံစစ်အတွင်းလူ လီဆန်ဒရိုမာတီနက်ဇ် မှာလည်း ဒူးအရွတ်ဒဏ်ရာကြောင့် ခြောက်လမှ တစ်နှစ်ခန့် အနားယူရမည်ဖြစ်သည်။