
နယူးကာဆယ်အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့် တိုက်စစ်မှူး အာလင်းဟာလန်းအား ရီးယဲလ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန်မျှော်လင့်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဟာလန်းမှာ ယင်းပွဲတွင် မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရခဲ့ပြီး ဒဏ်ရာကြောင့် လူစားလဲခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် ယာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုပြုလုပ်ပြီးနောက် ၈၇ မိနစ်တွင် လူစားလဲခဲ့ရသည်။
၎င်းအနေဖြင့် လူစားလဲရန်ထွက်ခွာစဉ် လမ်းလျှောက်သွားနိုင်ပြီး ပွဲပြီးဆုံးချိန်အထိ အရန်ခုံပေါ်မှ ထိုင်ကြည့်နေခဲ့သောကြောင့် ရီးယဲလ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲတွင်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားခဲ့ခြင်းဖြစ်သည်။
"သူလဲကျသွားတဲ့အချိန်မှာ အားလုံးက စိုးရိမ်နေကြတယ်။ ဒါပေမဲ့ သူက ပြုံးရွှင်စွာပဲ လမ်းလျှောက်ထွက်သွားနိုင်ပါတယ်။ ဆရာဝန်ကလည်း ကျွန်တော့်ကို သတင်းဆိုးမပြောဘူးဆိုတော့ သူအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဆရာဝန်နဲ့စကားမပြောရသေးပါဘူး။ အခြေအနေမဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုင်းလ် (ဝေါ်လ်ကာ) ထွက်သွားတဲ့အချိန်မှာ ကယ်ဗင် (ဒီဘရိုင်းနား) က ပထမအသင်းခေါင်းဆောင်ဖြစ်လာပါတယ်။ အဲဒီနောက်မှာ ကျွန်တော်က အာလင်း (ဟာလန်း) ကို အဆိုပြုခဲ့တယ်။ သူက ဒီအသင်းမှာ ၁၀ နှစ်အထိရှိနေမှာပါ။ သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဒီတာဝန်ကိုယူရမှာပါ။ ဒါက ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဝမ်းသာစရာပါပဲ။ ဒါက အစပဲရှိပါသေးတယ်" ဟု ဂွါဒီယိုလာက ဆိုသည်။