
စီးရီးအေထိပ်သီး အေစီမီလန် အသင်းသည် ချယ်လ်ဆီးအသင်းမှ ရာသီဝက်အငှားဖြင့် ခေါ်ယူထားသည့် ဂျော်အိုဖေးလစ်အား အပြီးသတ်ခေါ်ယူရန်အတွက် လာမည့်နွေရာသီတွင် အသင်းတိုက်စစ်ကစားသမား လီယာအိုအား ရောင်းထုတ်ပြီး ရန်ပုံငွေရှာရန် စီစဉ်နေကြောင်း သိရသည်။
အေစီမီလန်အသင်းသည် အသက် (၂၅)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား ပြီးခဲ့သည့်ဇန်နဝါရီကမှ ချယ်လ်ဆီးအသင်းမှ ရာသီဝက်အငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အေစီမီလန် အသင်းတွင် ခြေစွမ်းပြနေပြီး အငှား စာချုပ်ကုန်ဆုံးလျှင်လည်း အသင်းတွင် ဆက်နေလိုကြောင်း ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ဂျော်အိုဖေးလစ်ကို သဘောကျနေပြီး လာမည့်နွေရာသီတွင် အပြီးသတ်ခေါ်ယူရန် ယခုကတည်းက စီစဉ်နေခြင်းဖြစ်သည်။ အီတလီသတင်းစာ La Gazzetta dello Sport ၏ဖော်ပြချက်အရ အေစီမီလန်အသင်းအနေဖြင့် ဂျော်အိုဖေးလစ်ကို အပြီးသတ်ခေါ်ယူမည်ဆိုပါက အသင်းရှိကစားသမားများကို အရင်ရောင်းထုတ်ရန်လိုအပ်ပြီး လာမည့်နွေရာသီတွင် လီယာအိုအား ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီတိုက်စစ်ကစားသမား လီယာအို (၂၅ နှစ်) သည် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်ပြီး ၎င်း၏စျေးကွက်ပေါက်ကြေး မှာ ယူရို (၇၅)သန်း ရှိကြောင်း သိရှိရသည်။ ထို့ပြင် အေစီမီလန်အသင်းအနေဖြင့် ဂျော်အိုဖေးလစ်ကိုအပြီးသတ် ခေါ်ယူရန်အတွက် အသင်းနောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်ကို ရောင်းထုတ်နိုင်ကြောင်းလည်း သိရသည်။
အေစီမီလန်အသင်းသည် ၂၀၂၆ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် သီယိုဟာနန်ဒက်ဇ်ကို ပြောင်းရွှေ့့ကြေးမရဘဲ လက်လွှတ်လိုခြင်း မရှိကြောင်းလည်း သိရသည်။