Eleven Media Group

ပွဲဦးထွက်ရာသီ၌ ပထမဆုံးကိုင်တွယ်သည့် ပရီးမီးယားလိဂ်(၂၅)ပွဲတွင် ရမှတ် ဒုတိယအများဆုံးရယူနိုင်သည့်နည်းပြအဖြစ် အာနယ်ဆလော့ မှတ်တမ်းဝင်

Photo: Premier League

လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် ပွဲဦးထွက်ရာသီ၌ ပထမဆုံးကိုင်တွယ်သည့် ပရီးမီးယားလိဂ် (၂၅)ပွဲ တွင် ရမှတ် ဒုတိယအများဆုံးရယူနိုင်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အာနယ်ဆလော့သည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ဝုလ်ဗ်အသင်းနှင့်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် လီဗာပူးလ်နည်းပြဘဝ ပရီးမီးယားလိဂ်(၂၅)ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ရမှတ်(၆၀) ရရှိခဲ့သည်။
ထို့ကြောင့် ၂၀၀၄-၀၅ ရာသီက ချယ်လ်ဆီးအသင်းကို ပွဲဦးထွက်ကိုင်တွယ်ခဲ့ရာတွင် (၂၅)ပွဲယှဉ်ပြိုင်ပြီးချိန်၌ (၆၄)မှတ်ရရှိခဲ့သည့် မော်ရင်ဟို၏နောက် ဒုတိယအမှတ်အများဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးနည်းပြဟောင်းတစ်ဦးပင်ဖြစ်သည့် ကွန်တီမှာလည်း ၂၀၁၆-၁၇ ရာသီတွင် ပထမဆုံး(၂၅)ပွဲ၌ ဆလော့နည်းတူ ရမှတ်(၆၀) ရယူနိုင်ခဲ့ကြောင်း သိရသည်။
မော်ရင်ဟိုသည် ၂၀၀၄-၀၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၂၅)ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ ပွဲ(၂၀)အနိုင်ရရှိကာ (၄)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ပြီး (၆၄)မှတ်ရရှိခဲ့ခြင်းဖြစ်သည်။
အာနယ်ဆလော့မှာလည်း ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၂၅)ပွဲယှဉ်ပြိုင်ပြီးချိန်အထိ ရှုံးပွဲ(၁)ပွဲသာရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။
သို့သော် သရေပွဲ(၆)ပွဲရှိခဲ့ပြီး နိုင်ပွဲ(၁၈)ရှိခဲ့သည့်အတွက် ရမှတ် (၆၀)ဖြင့် မော်ရင်ဟို၏နောက် ဒုတိယအမှတ်အများဆုံးအဖြစ်သာ ကွန်တီနှင့် ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုသည် အဆိုပါ ၂၀၀၄-၀၅ ရာသီတွင် လက်ကျန်(၁၃)ပွဲ၌ (၉)ပွဲနိုင်၊ (၄)ပွဲ သရေဖြင့် ရှုံးပွဲမရှိအောင် စွမ်းဆောင်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရမှတ်(၉၅)မှတ်ဖြင့် ရယူနိုင်ခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ယင်းရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ ပွဲစဉ်(၁၂)ကတည်းက စတင်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းမှာလည်း ယခုရာသီတွင် ပွဲစဉ်(၁၀) မှစ၍ လက်ရှိအချိန်အထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခြင်းဖြစ်ပြီး ဒုတိယနေရာမှ အနီးဆုံးပြိုင်ဘက် အာဆင်နယ်အသင်းကို (၇)မှတ်ဖြတ်ထားသည်။
ထို့ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် (၂းရ)လေးဖြင့် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group