Eleven Media Group

ဘရာဇီးလ်အသင်းအနေဖြင့် နေမာနှင့် ဗင်နီစီယပ်စ်တို့ကို အဓိကထားတည်ဆောက်ရမည်ဟု ရော်နယ်လ်ဒို ပြောကြား

Photo: X

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒိုက ဘရာဇီးလ်လက်ရွေးစင်အသင်းအနေဖြင့် အောင်မြင်မှုများ ရယူလိုပါက နာမည်ကျော်တိုက်စစ်ကစားသမားများဖြစ်သည့် နေမာနှင့် ဗင်နီစီယပ်စ်တို့ကို အဓိကထားတည်ဆောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းသည် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့ပြီးနောက် ကျင်းပပြီးစီးခဲ့သည့် နောက်ဆုံးကမ္ဘာ့ဖလား (၅) ကြိမ်တွင် အမြင့်ဆုံး ကွာတားဖိုင်နယ်အဆင့်ထိသာ ရောက်ရှိခဲ့သည်။
ထို့ ကြောင့် ဘရာဇီးလ်အသင်းသည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှုများရယူရန် ရည်မှန်းပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယခုအခါ ဘရာဇီးလ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၂) ကြိမ် ရယူဖူးသည့် ဂန္ထဝင်ကစားသမား ရော်နယ်လ်ဒိုက ဘရာဇီးလ်အသင်းအနေဖြင့် ကွင်းအတွင်း ပိုမိုသက်ရောက်မှုရှိရန် နေမာနှင့် ဗင်နီစီယပ်စ်တို့ကို အဓိကထား တည်ဆောက်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရော်နယ်လ်ဒိုက '' နေမာက ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ကျောရိုးပါ။ ဗင်နီစီယပ်စ်ကလည်း အသင်းအတွက် အရေးပါတဲ့ Key Player ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ သူတို့ကို အဓိကထားပြီး သူတို့ ခြေစွမ်းပြနိုင်မယ့်ပုံစံမျိုးနဲ့ အသင်းကိုပြန်လည်တည်ဆောက်သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရော်နယ်လ်ဒိုက နေမာ အကောင်းဆုံးခြေစွမ်းပြန်ရရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းက ''နေမာက လူငယ်တွေကို အားပေးနိုင်သူပါ။ သူ အကောင်းဆုံးပုံစံပြန်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ ခြေစွမ်းပြနိုင်ရင် ဘရာဇီးလ်လည်း ပိုကောင်းလာမှာပါ''ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group