
အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ကို အသက်အငယ်ဆုံးဖြင့် ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အာနိုးလ်(၂၆ နှစ်)သည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ဝုလ်ဗ်အသင်းနှင့်ပွဲတွင် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း စတီဗင်ဂျရတ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
စတီဗင်ဂျရတ်သည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ပြည့်မြောက်ချိန်တွင် အသက်(၂၆ နှစ်၊ ၂၀၀ ရက်) ဖြင့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားခဲ့ပြီး ယခုအခါ အာနိုးလ်က အသက်(၂၆ နှစ်၊ ၁၃၂ ရက်)ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အာနိုးလ်သည် ဂျရတ်နည်းတူ လီဗာပူးလ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာလတွင် အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲ စတင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
၂၀၁၈-၁၉ ရာသီမှစ၍ အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့ပြီး စီနီယာကစားသမားဘဝ (၈)နှစ်ကျော်ကြာမြင့်ချိန်တွင် ပရီးမီးယားလိဂ်ပွဲ(၂၅၀)ပြည့် မြောက်ခဲ့ခြင်းဖြစ်သည်။
အာနိုးလ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု အကြိမ်(၆၀)ပြည့်သည့် ပထမဆုံးနောက်ခံလူအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်သည်။