
လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် ဝုလ်ဗ်နှင့်ပွဲတွင် ပယ်နယ်တီမှ တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ၎င်း၏ အန်ဖီးလ်ကွင်း သွင်းဂိုးအရေအတွက်မှာ (၁၀၁)ဂိုးရှိလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဆာလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကွင်းတစ်ကွင်းတည်း၌ တတိယဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ရွန်နီနှင့် ပူးတွဲရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ရွန်နီသည် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၁)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်တွင် ကွင်းတစ်ကွင်းတည်း၌ ၎င်းတို့ထက်ပို၍ ဂိုးသွင်းယူနိုင်သည့်ကစားသမားနှစ်ဦးသာရှိပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ (၁၁၄ ဂိုး၊ ဟိုက်ဘူရီကွင်း)နှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုး (၁၀၆ ဂိုး၊ အစ်တီဟတ်ကွင်း)တို့ဖြစ်ကြောင်း သိရသည်။
ဆာလာသည် ဝုလ်ဗ်နှင့်ပွဲတွင် ပရီးမီးယားလိဂ်၌ လီဗာပူးလ်ကစားသမားဘဝ (၃၂)ဂိုးမြောက် ပယ်နယ်တီကို ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကွင်းလယ်ကစားသမားဟောင်း ဂျရတ်၏ ပယ်နယ်တီသွင်းဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပြီး ပရီးမီးယားလိဂ်တွင် ပယ်နယ်တီအများဆုံး သွင်းယူနိုင်သည့် လီဗာပူးလ်ကစားသမားများအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၂၃)ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်သည်။