
မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခွန်ခမာနှင့် ကစ်ဘောင်ဆင်ပြိုင်ပွဲများတွင် စိုးမိုးဇော်နှင့် စောဂျွန် အနိုင်ရခဲ့ပြီး နော်ဥမ္မာစိုး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ်ကျင်းပခဲ့သည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် မြန်မာဖိုက်တာ စိုးမိုးဇော်သည် (၆၃.၅) ကီလိုတန်း၌ ထိုင်းဖိုက်တာ ဆူဗန်နာရန်နှင့် (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲတွင် စိုးမိုးဇော်သည် ပွဲစကတည်းက ပြိုင်ဘက်ကို အတင်းဝင် အတင်းထွက်ဖြင့် ဖိအားပေးထိုးသတ်ခဲ့ပြီး ပထမအချီ ပြီးဆုံးခါနီး စက္ကန့်ပိုင်းမှာပင် ဘယ်ဖြောင့်လက်သီးဖြင့် အလဲထိုးကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အခြားကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင်မူ မြန်မာဖိုက်တာ စောဂျွန်သည် (၆၀) ကီလိုတန်း၌ ကမ္ဘောဒီးယားနာမည်ကြီးဖိုက်တာ ဖမါဆာရေးနှင့် (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲတွင် ဖိုက်တာနှစ်ဦးစလုံး လက်ရည်ညီစွာဖြင့် ရေကုန်ရေခန်း ဆိုင်ထိုးပြိုင်ထိုးခဲ့ကြ၍ ပွဲမှာ အကြိတ်အနယ်ရှိခဲ့သည်။
(၃) ချီအပြီးတွင်မူ မြန်မာဖိုက်တာစောဂျွန်က အမှတ်ဖြင့်အနိုင်ရခဲ့သည်။
မြန်မာအမျိုးသမီးဖိုက်တာ နော်ဥမ္မာစိုးသည် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ကစ်ဘောင်ဆင်ပြိုင်ပွဲတွင် တရုတ်ဖိုက်တာ ရှင်အန်နန်နှင့် (၁၂၄) ပေါင်တန်း၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။