Eleven Media Group

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော် နာဂါဝေါလ်အသင်းအတွက် ယခုရာသီ (၆) ဂိုးမြောက်သွင်းယူပြီး (၄) ပွဲဆက် ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ကာ အကောင်းဆုံးကစားသမားဆုကိုပါ ရရှိ

Photo: Nagaworld FC

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော်သည် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းအတွက် ယခုရာသီ (၆) ဂိုးမြောက် သွင်းယူပြီး (၄) ပွဲဆက် ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရသည်။
သီဟဇော်၏ နာဂါဝေါလ်အသင်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁၆) ရက်က ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၂) အဖြစ် ကမ္ဘောဒီးယားကာကွယ်ရေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းပွဲတွင် သီဟဇော်သည် နာဂါဝေါလ်အသင်း၏ ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန် (၃၇) မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
သီဟဇော်သည် ယင်းဂိုးကို တစ်ဖက်အသင်း ဂိုးဧရိယာအစပ် (၂၅) ကိုက်လောက်မှနေ၍ ဘယ်ခြေဖြင့် အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
သီဟဇော်သည် ယခုရာသီတွင် နာဂါဝေါလ်အသင်းအတွက် (၆) ဂိုးအထိ သွင်းယူပေးထားပြီး ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄)ပွဲဆက် ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်နေသည်။
သီဟဇော်သည် ယင်းပွဲတွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူပေးခဲ့သလို တစ်ပွဲလုံး ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုု(MVP) ကိုလည်း ရရှိခဲ့သည်။
သီဟဇော်သည် ယခုရာသီတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (MVP) ကို (၃)ကြိမ်အထိရရှိထားပြီးဖြစ်ကြောင်း သိရသည်။
သီဟဇော်၏ နာဂါဝေါလ်အသင်းသည် ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၂) အပြီးတွင် (၂၀) ပွဲကစား၊ (၁၁) ပွဲ နိုင်၊ (၃) ပွဲ သရေ၊ (၆) ပွဲရှုံး၊ ရမှတ်(၃၆) မှတ် ဖြင့် အမှတ်ပေးဇယားအဆင့်(၅) နေရာတွင် ရပ်တည်နေလျက်ရှိကြောင်း သိရသည်။
ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းသည် သီဟဇော်ကို ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီ စာချုပ်ချုပ်ဆို၍ ခေါ်ယူထားခြင်းဖြစ်သည်။
သီဟဇော်သည် ပြီးခဲ့သည့် ၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် ပရေးဗန်အသင်းအတွက် ပြိုင်ပွဲစုံ၌ (၉) ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု(၇) ကြိမ်အထိ ပြုလုပ်ပေးခဲ့သလို ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MVP) ကို နှစ်ကြိမ်ဆွတ်ခူးရရှိထားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group