Eleven Media Group

ကိုယ်အလေးချိန်အပါအဝင် လေ့ကျင့်ရေးအားလုံးအဆင်ပြေချောမွေ့ပြီး အာဒိုဂန်နှင့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အောင်လအန်ဆန် ဆို

Photo: ONE

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုးသတ်ရမည့် ONE-171 ပြိုင်ပွဲအတွက် ကိုယ်အလေးချိန်အပါအဝင် လေ့ကျင့်ရေးကိစ္စရပ်များအားလုံး အဆင်ပြေချောမွေ့ကြောင်းနှင့် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နှင့် ထိုးသတ်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ဖော်ပြောကြားသည်။
အောင်လအန်ဆန်က ''အားလုံးအဆင်ပြေတယ်ဗျာ။ အဓိကက ကိုယ်အလေးချိန်ပဲ။ အကုန်အဆင်ပြေတယ်ဗျာ။ ခင်ဗျားတို့တော့ သိမလား မသိဘူး။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အတော်ကျေနပ်နေတယ်။ ဒီပွဲပြီးရင် ကျွန်တော် နည်းပြလုပ်ဖြစ်မလား ဘယ်သူ သိနိုင်မလဲ။ ကျွန်တော်က ဒီအလုပ်ပဲ လုပ်မှာပါ။ အကူအညီတွေရရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါက ကျွန်တော့်ဘဝပဲဗျ။ ဒီအားကစားနည်းမှာ ကစားသမားတွေက အမြဲအပြောင်းအလဲ ဖြစ်နေတယ်။ ကျွန်တော်က အိုလံပစ်အဆင့်ရှိတဲ့ နပန်းသမားနဲ့ ရင်ဆိုင်ရမှာဗျာ။ နောက်ပြီး သူက ကစ်ဘောင်ဆင် အရမ်းကောင်းတယ်ဗျာ။ ဒါတွေက အပြောင်းအလဲတွေပဲဗျ။ ဒီလိုလှိုင်းလုံးတွေကို ကျွန်တော် အမိအရ စီးချင်တာပေါ့။ ကျွန်တော့်အတွက်တော့ ဒါတွေက အေးဆေးပါ''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ONE Championship ပရိုမိုးရှင်းသည် ONE-171 ပြိုင်ပွဲကို လာမည့်ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာတာနိုင်ငံ၊ လူဆေးလ်မြို့ရှိ ပရိသတ် တစ်သောင်းခွဲကျော်ဆံ့ Lusail Sports Arena တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် ပြိုင်ဘက်ဟောင်း တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နှင့် မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ONE-168 ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ပြီး ဒုတိယအချီတွင် ရှာမေးလ်အာဒိုဂန်၏ ချုပ်ကွက်ကြောင့် အောင်လအန်ဆန် ရှုံးနိမ့်ထားခဲ့သည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ယင်းပွဲအပြီး(၅)လအကြာတွင် မကျေပွဲအဖြစ် ယခုအခါ ပြန်လည်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
ONE-171 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ဆိုင်း ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်တို့၏ တွဲဆိုင်းမှာ ပွဲစဉ် (၁၀) တွင် ကျရောက်နေသည်။
အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးနောက် မစ်ဒယ်ဝိတ်တန်းကိုသာ အာရုံစိုက်ထိုးသတ်နေပြီး တစ်ကျော့ပြန်ချန်ပီယံဖြစ်ရန် ရည်မှန်းထားကြောင်း သိရသည်။
အောင်လအန်ဆန်သည် ယခုပွဲတွင် ရှာမေးလ်အာဒိုဂန်ကို အနိုင်ရပါက မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရဖွယ် ရှိနေသော်လည်း ထပ်မံရှုံးနိမ့်ခဲ့မည်ဆိုပါက ONE Championship တွင် သူ၏ MMA ကစားသမားဘဝ အဆုံးသတ်သွားသည်အထိ ဖြစ်သွားဖွယ်ရှိနေသည်။
အောင်လအန်ဆန်သည် လက်ရှိတွင် အသက်(၃၉) နှစ် ရှိပြီဖြစ်ပြီး ONE Championship ၌ ထိုးသတ်လာသည်မှာ ဆယ်နှစ်ကျော်လာပြီဖြစ်ကာ ပွဲ(၂၀) ထိုး၊ (၁၅) ပွဲနိုင်၊ (၅) ပွဲရှုံးနိမ့်ထားသည်။

မူရင်းသတင်း — Eleven Media Group