Eleven Media Group

၎င်း၏ပြင်သစ်လက်ရွေးစင်နည်းပြရာထူးကို ဆက်ခံရန်အတွက် ဇီဒန်းကို ဒေးရွှမ့် ထောက်ခံ

Photo: AP

ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့်က ၎င်း၏ရာထူးကိုဆက်ခံရန်အတွက် အသင်းဂန္ထဝင်ကစားသမား ဇီဒန်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
လက်ရှိ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်သည် အသင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူပေးထားသူဖြစ်သည်။
၎င်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်နည်းပြရာထူးမှထွက်ခွာမည်ဟု အတည်ပြုထားပြီး ၎င်း၏နေရာကို ဆက်ခံရန် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းက ရေပန်းအစားဆုံးဖြစ်နေသည်။
ယခုအခါ ဒေးရွှမ့်က ''ဇီဒန်းနဲ့ ကျွန်တော့်ကြားမှာ အပြန်အလှန်လေးစားမှု ရှိပါတယ်။ ၂၀၂၃ နွေရာသီတုန်းက သူနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ လာမယ့်နွေမှာလည်း ကျွန်တော့်အနေနဲ့ သူနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဇီဒန်းက ပြင်သစ်နည်းပြရာထူးနဲ့ ထိုက်တန်သူဖြစ်ပြီး အရမ်းကောင်းတဲ့ နည်းပြလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ပြင်သစ်နည်းပြရာထူးကို ရယူချင်လားဆိုတာကိုတော့ ကျွန်တော် မသိပါဘူး''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group