Myanmar Transparency News

ဗဟန်းမြို့နယ်ရှိ ဂျပန်စားသောက်ဆိုင်သို့ ဆိုင်ပိတ်ပြီးချိန်တွင် လူ ၆ ဦးရောက်လာကာဆိုင်ဝန်ထမ်းတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားမှု ယနေ့ဖြစ်ပွား

၁၈.၂.၂၀၂၅
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဂျပန်စားသောက်ဆိုင်သို့ ဆိုင်ပိတ်ပြီးချိန်တွင် လူ ၆ ဦးရောက်လာကာ ဆိုင်ဝန်ထမ်းတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားမှု ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူသတ်မှုဖြစ်ပွားသည့်ဆိုင်မှာ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ အမှတ်(၁၃၆)တွင် ဖွင့်လှစ်ထားသော
Japanese Restaurant ဖြစ်ပြီး ဆိုင်ပိတ်နေသည့် ဖေဖော်ဝါရီလ ၁၇ ရက် ညသန်းခေါင်ကျော်၊ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်ကူးစ နံနက် တစ်နာရီခွဲခန့်အချိန်က အထက်ပါအတိုင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဆိုင်သို့ အမည်မသိ အမျိုးသား (၆)ဦးရောက်ရှိလာပြီး တံခါး‌ခေါက်သဖြင့် ဆိုင်ဝန်ထမ်းအောင်ဇော်ထက်နှင့်အတူ (၃)ဦးမှ ဆိုင်အပြင်ထွက်မေးမြန်းစဉ် အဆိုပါ(၆)ဦးထဲမှ ဘောင်းဘီတို၊ အနက်ရောင်စွပ်ကျယ်ဝတ်ထားသူမှ အောင်ဇော်ထက်အား ဓားဖြင့်ထိုးခဲ့ကာအမည်မသိ အမျိုးသား(၆)ဦးမှာထွက်ပြေးသွားကြောင်းသိရသည်။

ယင်းကြောင့်အောင်ဇော်ထက်တွင် ဝမ်းဗိုက် ချက်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်(အူထွက်)၊ ယာခါး‌နောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် ပက်လက် လန်လဲကျ‌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဟုတ်တယ်။ ဆိုင်ကပိတ်နေပြီ။ တံခါးလာခေါက်တော့ ထဖွင့်ပေးတာ၊ ထိုးပြီးထွက်ပြေးသွားတယ်။ ဘယ်ကလူတွေလဲမသိ။ CCTV လည်းမရ။ အရင်င်က စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးအသတ်ခံရတာလည်း မဖမ်းမိသေးပါဘူး”ဟု လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ယခုဖြစ်ပွားသော လူသတ်မှုနှင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် AK Cosmetic ဆိုင်ရှင်အမျိုးသမီး လုယက်သတ်ဖြတ်ခံရမှုဖြစ်စဥ်များ တရားခံဖမ်းမမိသေးသည့်အခြေအနေကို MT News သို့ပြောသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖမ်းဆီးမိနိုင်ရေးလုပ်ဆောင်နေကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News