Myanmar Transparency News

အကြမ်းဖက်သမားများက မော်တော်ယာဉ်တစ်စီးကို မိုင်းထောင်ဖောက်ခွဲခဲ့၍ ကလေးငယ်များအပါအဝင် ၉ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိမှု တနင်္သာရီမြို့နယ်တွင် ယနေ့ ဖြစ်ပွား

၁၈.၂.၂၀၂၅
Written by Nyein Kyaw

အကြမ်းဖက်သမားများက တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၉ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ မြိတ်မြို့သို့ ယာဉ်မောင်း ဦးမျိုး မောင်းနှင်လာပြီး အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်အား ပနပ်ငယ်ကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၉ ဦး မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာ နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News