Myanmar Transparency News

ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် လမ်းဘေးဆိုင်ကို ကားတစ်စီး ဝင်တိုက်၍ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရမှု ယမန်နေ့ ညက ဖြစ်ပွား

၂၃.၂.၂၀၂၅
Written By Zun

ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် လမ်းဘေးဆိုင်ကို ကားတစ်စီး ဝင်တိုက်၍ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရမှု ယမန်နေ့ ညက ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ ည ၉ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် လမ်းဘေးဆိုင်တစ်ခုကို အရှိန်လွန် ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက အထက်ပန်းဆိုးတန်းတံတားကနေ ဆင်းလာတာ၊ အဖြူရောင် Toyota Kluger ကားပေါ့။ ကားလမ်းဘေးမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ထဲကို အလုံးလိုက်ကြီးဝင်သွားတာ။ သေတယ်လေ တစ်ယောက်။ ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ ခုံတွေလည်း ကျိုးကြေပေါ့”ဟု မျက်မြင်ကိုယ်တွေ့ တစ်ဦးက MT News ကို ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယင်းလမ်းဘေးဆိုင်မှ အသက် ၆၅ နှစ်အရွယ် အလုပ်သမား အမျိုးသမီး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို အသက် ၅၈ နှစ်အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦး ဦးခေါင်းကွဲ၊ ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။

ယင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ ရောက်လာကြသည့် မြေပြင်ကူညီကယ်ဆယ်ရေး ကျောက်တံတား ပရဟိတအသင်း၊ လင်းလက်လူမှုကူညီရေးအသင်းအပါအဝင် အခြား လူမှုကူညီရေးအသင်းများက လူနာများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ပို့ဆောင်ခဲ့ကြသည့် လူနာများထဲမှ ပြင်းထန်ဒဏ်ရာရရှိသူ အသက် ၆၅ အရွယ် အမျိုးသမီးမှာ ဆေးရုံ၌ ကုသမှု ခံယူနေစဉ် သေဆုံးသွားသောကြောင့် ရန်ကုန်ဆေးရုံကြီးက ရုပ်အလောင်းအမှတ် PR 027 ဖြင့် လက်ခံထားရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News