Myanmar Transparency News

ပြည်လမ်းပေါ် ရပ်ထားသော ၂၂ ဘီးယာဥ်ကို ကိုယ်ပိုင်ယာဥ်ဝင်တိုက်ရာမှ အမျိုးသားတစ်ဦးသေဆုံးမှု မင်္ဂလာဒုံတွင် ဖြစ်ပွား

၂၆.၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ရန်ကုန် – ပြည်လမ်းရှိ CP စက်ရုံရှေ့တွင် ရပ်ထားသော ၂၂ ဘီးယာဥ်ကို ကိုယ်ပိုင်ယာဥ် ဝင်တိုက်ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ မင်္ဂလာဒုံမြို့နယ်ဘက်မှ မှော်ဘီမြို့နယ်ဘက်သို့ အမျိုးသားတစ်ဦး မောင်နှင်လာ​​သော HONDA FIT SHUTTLE အဖြူရောင်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ၂၂ ဘီး အစိမ်းရောင် မော်တော်ယာဥ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် HONDA FIT SHUTTLE အဖြူရောင်ယာဥ်ပေါ်မှ ယာဥ်မောင်း အမျိုးသားမှာ ကားခေါင်းခန်းတွင် ညပ်နေသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မိနစ် ၂၀ ကျော်ကြာ ကယ်ထုတ်ခဲ့ရာ ယာဥ်မောင်းမှာ သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို မဇ္ဇျိမလှိုင်းလူနာတင်ယာဥ်ဖြင့် မင်္ဂလာဒုံမြို့နယ်ရှိတပ်မတော် ကုတင် (၁၀၀၀) ဆေးရုံကြီးထံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News