Myanmar Transparency News

မိတ္ထီလာမြို့နယ်မှ အသက် ၆၀ ကျော် ထွေ/အုပ်စာရေးအား PDF သတ်ဖြတ်

၂၈. ၂. ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ အသက် ၆၀ ကျော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရေး ဝန်ထမ်းတစ်ဦးအား PDF များက သတ်ဖြတ်မှု ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီခန့်အချိန် မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးမြင့်အေး၊ ၆၁ နှစ်သည် နေအိမ်မှ ရုံးတက်ရောက်ရန် မိတ္ထီလာမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဥ် မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာအနီး မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင်အမှတ် (၉/၄)နှင့်(၉/၅)အကြားအ​ရောက်တွင် PDF များက အလစ်ချောင်းမြောင်းကာ သက်ကြီးရွယ်အိုဖြစ်သူ ဦးမြင့်အေးအား သေနတ်ဖြင့် ပစ်သတ်သွားကြောင် သိရသည်။

အဆိုပါ ပစ်သတ်မှုကြောင့် ဦးမြင့်အေးသည် သေနတ်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားခဲ့သော်လည်း တရားခံ ဖမ်းမမိသလို ကျူးလွန်သည့် PDF အဖွဲ့ကလည်း ဝန်ခံချက် ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း NUG နှင့် PDF ထောက်ခံသည့် Exile မီဒီယာများကမူ ဦးမြင့်အေးမှာ စစ်မှုထမ်းစာရင်းကောက်ခံနေသဖြင့် PDF သတ်ဖြတ်ခံရသည်ဟု ရေးသားဖော်ပြနေသည်။

မူရင်းသတင်း — Myanmar Transparency News