Myanmar Transparency News

ဆင်းရဲနွမ်းပါးပြီး ကိုယ်အင်္ဂါမသန်စွမ်းတဲ့ ဝေဒနာခံစားနေရသူ သက်လတ်ပိုင်းအရွယ် အမျိုးသား ကြိုးဆွဲချ အဆုံးစီရင်မှု နေပြည်တော်မှာ ဖြစ်ပွား

၂.၃.၂၀၂၅
Written by Hey Mar

ဆင်းရဲနွမ်းပါးပြီး ကိုယ်အင်္ဂါမသန်စွမ်းတော့တဲ့ ဝေဒနာခံစားနေရသူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်သွားတဲ့ ဖြစ်စဉ် ဒီနေ့ မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်က နေပြည်တော် ဇေယျသီရိမြို့နယ်အပိုင်ထဲက ကျေးရွာမှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ကွယ်လွန်သူမှာ အသက် ၃၅ နှစ်အရွယ်သာရှိသေးပြီး ဇေယျသီရိမြို့နယ် ရွှေကျကျေးရွာကလို့ သိရှိရကာဇနီး၊ ယောက္ခမဖြစ်သူတွေနဲ့ အတူနေထိုင်တယ်လို့လည်း သိရပါတယ်။

ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သူဘာကြောင့် မသန်စွမ်းဖြစ်သွားလဲတော့ မသိ‌ဘူး။ ခါးအောက်ပိုင်း မလှုပ်နိုင်တော့ဘူး။ လက်တစ်ဖက်မှာလည်း စတီးရိုး ထည့်ထားရတယ် ခင်ဗျ။ နောက်ပြီး မိသားစုက ပြောပြတာက သူက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သေချင်တယ်ချည်း အော်နေတာတဲ့။ ကျွေးတာတွေလည်းမစားဘူးပေါ့။ အဲဒီလိုဖြစ်နေတယ်လို့တော့ မိသားစုက ပြောတယ် “လို့ MT News ကို ပြောပါတယ်။

အဆိုပါ ကွယ်လွန်သူအမျိုးသားရဲ့ ရုပ်အလောင်းကို ကရုဏာရှင် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေရဲ့ ညွှန်ကြားမှုအရ သယ်ဆောင်ကာ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံဆီ ရင်ခွဲ စစ်ဆေးနိုင်ဖို့ ပို့ဆောင်ပေးခဲ့ပြီး နွမ်းပါးမိသားစုဖြစ်တဲ့အတွက် သင်္ဂြိုဟ်ပေးဖို့ အကူအညီလိုအပ်ပါကလည်း ဆက်လက်ကူညီပေးသွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News