Myanmar Transparency News

မဲဆောက်တွင် ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိရာက စက်ဘီးစီးလာသည့် မြန်မာနိုင်ငံသားတစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရ

၃.၃.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဆိုင်ကယ်နှင့်စက်ဘီးတိုက်မိရာမှ စက်ဘီးစီးလာသည့် မြန်မာနိုင်ငံသားတစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း မဲဆောက်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့ Thamrasamee Maneerat ဖောင်ဒေးရှင်းမှ သိရသည်။

ယမန်နေ့ မတ်လ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ် (၈) ၊ မယ်ကုကျေးရွာရှိ ဝက်ခြံအနီးတွင် ဆိုင်ကယ်တစ်စီးက မြန်မာနိုင်ငံသား နှစ်ဦးစီးနင်းလာသည့် စက်ဘီးကို ဝင်ရောက်တိုက်မိခဲ့ခြင်းကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၄၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးကာ ယင်းနှင့်အတူ စက်ဘီးတစ်စီးတည်းစီးလာသည့် အသက် ၁၈ နှစ်အရွယ်ရှိ မြန်မာလူငယ်မှာ ဒဏ်ရာပြင်းထန်သောကြောင့် စိုးရိမ်ရကြောင်းလည်း သိရသည်။

မဲဆောက်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့ Thamrasamee Maneerat ဖောင်ဒေးရှင်းက အဆိုပါ သေဆုံးသူ ရုပ်အလောင်းနှင့် ဒဏ်ရာပြင်းထန်သူတို့ကို မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Sources & Photos – Thamrasamee Maneerat

မူရင်းသတင်း — Myanmar Transparency News