Myanmar Transparency News

ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ တိုက်ခန်းမီးလောင်ကာ အဘိုးအိုတစ်ဦး မီးလောင်သေဆုံးပြီး ၂ ဦးဒဏ်ရာရမှု လှိုင်မြို့နယ်တွင် ဖြစ်ပွား

၄.၃.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်း၊ လှိုင်ရတနာအိမ်ရာ၊တိုက်အမှတ် ၅၊ ၁၀ ခန်းတွဲ ၈ ထပ်တိုက်၏ ၆ လွှာတွင် မတ်လ ၃ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်က ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ တိုက်ခန်းမီးလောင်မှုဖြစ်ပွားပြီး အဘိုးအိုတစ်ဦး မီးလောင်သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

အလျား ၁၂ ပေခွဲ၊ အနံ ၄၅ ပေခန့်ရှိသော ၆ လွှာ ညာအစွန်တိုက်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် တိုက်ခန်းပိုင်ရှင် အသက် ၆၇ နှစ်အရွယ် ဦးတင်ဦးမှာ မီးလောင်သေဆုံးခဲ့ကာအသက် ၃၈ နှစ်အရွယ် အမျိုးသားတွင် မျက်လုံးများနီမြန်းမှုဖြစ်ပွားခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတွင် မီးဟပ်ခံရသဖြင့် ဘယ်ညာမျက်လုံးနီးမြန်းခြင်း၊ ဘယ်ညာလက်ဖျံ၊လက်မောင်းနှင့် မျက်နှာမီးလောင်ဒဏ်ရာများ၊ ညာဘက်လက် မီးအပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မီးလောင်သည့်တိုက်ခန်းတွင်းရှိ မွေ့ယာ၊ ကုတင်၊ အဝတ်လျှော်စက်၊ အဝတ်အစားများ၊ ဆက်တီ၊Air -Con တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

တိုက်ခန်းမီး​လောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၅ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့သော အဘိုးအိုကို လှိုင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၇၊ ၃၀၄-က တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News