Myanmar Transparency News

ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောအထက်တန်းကျောင်းက လက်နက်မဲ့ကျောင်းစောင့်ဝန်ထမ်းကို ကြို့ပင်ကောက် PDF က အရှင်ဖမ်းဆီးပြီးနောက် ထွက်ပြေးသည့်ခေါင်းစဥ်အောက် အသေပစ်သတ်

၁၀. ၃. ၂၀၂၅
Written by Nay Moe

ကြို့ပင်ကောက်မြို့နယ်၊ ရွေပန်းတောကျေးရွာရှိ ရွှေပန်းတောအထက်တန်းကျောင်းမှ လက်နက်မဲ့ကျောင်းစောင့်ဝန်ထမ်းကို ကြို့ပင်ကောက် PDF က အရှင်ဖမ်းဆီးပြီးနောက် ထွက်ပြေးသည့်ခေါင်းစဥ်တပ်ကာ ယနေ့နံနက်တွင် အသေပစ်သတ်လိုက်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ယနေ့ဝန်ခံချက် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းအုပ်စု၊ ရွှေပန်းတောကျေးရွာနေ ရွှေပန်းတောအထက်တန်းကျောင်းမှ ကျောင်းစောင့်ဝန်ထမ်းဖြစ်သူ ဦးမြင့်လွင်အား စစ်တပ်သတင်းပေး ပျူစောထီးဟုဆိုကာ မတ်လ ၈ နံနက် ၈ နာရီခန့်တွင် အလယ်ကုန်းရွာနှင့် ကျစွာဘုရားကြားရှိ ဆက်သွယ်ရေး လမ်းပေါ်၌ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ မိုလ်ဘိုင်းဖုန်း ၁လုံး၊ ဆိုင်ကယ် ၁စီးနှင့်အတူ အရှင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော ပျူစောထီးဟု စွပ်စွဲခံ ဦးမြင့်လွင်အား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီး စခန်း၌ ထိန်းသိမ်းထားစဥ် ယနေ့ မတ်လ ၁၀ ရက် နံနက် ၄ နာရီခန့်တွင် စခန်းစောင့် PDF အိပ်ပျော်နေချိန် ချည်ထားသည့် ကြိုးကိုဖြတ်ကာ ထွက်ပြေးသွားရာ ကင်းလှည့်နေသည့် PDF များမှ တောစပ်၌ တွေ့ရှိသဖြင့် ပြန်လည် ဖမ်းဆီးသည်ကို လက်မခံသောကြောင့် သတ်ဖြတ်လိုက်သည်ဟုလည်း ဝန်ခံချက်က ဆိုသည်။

ဦးမြင့်လွင်သည် ရွှေပန်းတော အထက်တန်းကျောင်း၌ ကျောင်းစောင့်အဖြစ် လုပ်ကိုင်ကာ PDF များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ သတင်းပေးခြင်း၊ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ ဒေသခံပြည်သူများ၏ ဆိုင်ကယ်များအား ဖမ်းဆီးခြင်း၊ အလယ်ကုန်းရဲစခန်းမှ ဖွဲ့စည်းထားသည့် ပျူစောထီး အဖွဲ့ထဲဝင်ကာ အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း ဝန်ခံထားသည်ဟု သက်သေမပါဘဲ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)က စွပ်စွဲထားသလို MT News ကလည်း ထိုစွပ်စွဲချက်များမှန်မမှန် အတည်မပြုနိုင်ဘဲ ကျူးလွန်သည့် ကြို့ပင်ကောက် PDF ၏ လူသတ်မှုကိုသာ ဖော်ပြခြင်းဖြစ်သည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News