Myanmar Transparency News

ဂတ်စ်မီးဖိုဖြင့် ဟင်းချက်ရာမှ နေအိမ် ကိုးလုံးနှင့် ကျေးရွာဆေးပေးခန်းမီးလောင်မှု မြင်းခြံတွင် ဖြစ်ပွား

၁၀.၃.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာတွင် ယနေ့ မတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်ခန့်က ဂတ်စ်မီးဖိုဖြင့် ဟင်းချက်ရာမှ နေအိမ် ကိုးလုံးနှင့် ကျေးရွာဆေးပေးခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း​ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၂၄ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုး ထရံကာမြေစိုက်နေအိမ်မှ စတင်ဖြစ်ပွားခဲ့ပြီး ဂတ်စ်မီးဖိုဖြင့် ဟင်းချက်ပြုတ်ရာမှ အပူလွန်ကာ အနီးရှိ ထရံသို့ မီးကူး၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ မိနစ် ၄၀ နီးပါး ကြာမြင့်ခဲ့ပြီး နှစ်ထပ်အိမ် သုံးလုံးနှင့် သွပ်မိုးထရံကာ တစ်ထပ်အိမ်ခြောက်လုံး စုစုပေါင်း နေအိမ် ကိုးလုံးနှင့် ကျေးရွာရှိ ကိုယ်ထူကိုယ်ထဆေးပေးခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိ​ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ရှစ်စီး၊ ရေသယ်ယာဥ် ကိုးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

နေအိမ် ကိုးလုံးနှင့် ကျေးရွာဆေးပေးခန်းမီးလောင်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မြင်းခြံမြို့မရဲစခန်းက အမှုဖွင့်ထားသည်။

မူရင်းသတင်း — Myanmar Transparency News