Myanmar Transparency News

ငပုတော NLD လူငယ်တာဝန်ခံအဖြစ်က PDF လုပ် လက်နက်ကိုင်သူချစ်ကို တိုက်ပွဲမှာ သေဆုံး

၁၀. ၃. ၂၀၂၅
Written by Nay Moe

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ချစ်ကိုကို (ခ) ဘသော် အသက်(၃၁)နှစ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်က တိုက်ပွဲတစ်ခုအတွင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ချစ်ကိုဟာ ဧရာဝတီတိုင်းက NLD ကိုယ်စားလှယ်ဟောင်းတစ်ယောက် ခေါင်းဆောင်လုပ်နေတဲ့ အာဠာဝကစစ်ကြောင်းမှာ လက်နက်ကိုင်ပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလောမှာ အာဠာဝကစစ်ကြောင်းဟာ ပဲခူးနဲ့ ကရင်နယ်စပ်မှာ လှုပ်ရှားနေသလို ချစ်ကိုဟာ သပြေညွန့်စခန်းသိမ်းတိုက်ပွဲမှာ ကျည်ထိသေဆုံးသွားတာလို့လည်း စုံစမ်းသိရပေမဲ့ ဒီစခန်းသိမ်းတိုက်ပွဲအကြောင်း သတင်းထုတ်ပြန်တဲ့ အထူးကွန်မန်ဒိုတပ်ရင်း (P29914) ကတော့ ချစ်ကိုအပါအဝင် PDF တွေ သေဆုံးမှု ဖုံးကွယ်ထုတ်ပြန်ခဲ့ပါတယ်။

ချစ်ကို တိုက်ပွဲမှာ သေဆုံးမှုနဲ့ပတ်သက်ပြီး NLD ရဲ့ ဧရာဝတီတိုင်းဒေသကြီး လူငယ်လုပ်ငန်းအဖွဲ့က ချစ်ကိုဟာ တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက်၊ ပါတီတာဝန်နဲ့ တော်လှန်ရေးကာလတစ်လျှောက် တော်လှန်ရေးတာဝန် ကျေပွန်ခဲ့ကြောင်း အခုအခါ ဘဝ တစ်ပါး ကူးပြောင်းသွားပြီ ဖြစ်တာကြောင့် ပါတီတာဝန်တွေနဲ့ သက်ဆိုင်ခြင်းမရှိတော့ဘဲ သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပြီဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News