Myanmar Transparency News

ထိုင်းနိုင်ငံ၊ အူဒုန်သာနီပြည်နယ်အတွင်း အခန်းတစ်ခုမှာ သေဆုံးနေသည့် မြန်မာနိုင်ငံသားတစ်ဦး၏ အလောင်းကို တွေ့ရှိ

၁၃.၃.၂၀၂၅
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ အူဒုန်သာနီပြည်နယ်အတွင်း အခန်းတစ်ခုမှာ ပြီးခဲ့တဲ့ငါးရက်လောက်ကပဲ သေဆုံးနေတာ လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ အလောင်းကို မတ်လ ၁၂ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့လို့ အခန်းကို အတူငှားရမ်းနေထိုင်တာလို့ သိရတဲ့ သံသယရှိရတဲ့ နောက်ထပ်နှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေတယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက် ညနေ ၄ နာရီ မိနစ်၂၀ ခန့်မှာ လူတစ်ယောက်သေဆုံးနေတယ်လို့ သတင်းရပြီးနောက်မှာ အူဒုန်သာနီရဲစခန်းမှ လက်ထောက်စခန်းမှူးနဲ့ ဆရာဝန်တွေပါ ပါဝင်တဲ့ အဖွဲ့က ရောက်ရှိလာကြတာပါ။ သူတို့ အတွင်းဘက်ကနေ သော့ခတ်ထားတဲ့ အခန်းနံပတ် ၁၄၃ ကို ချိုးဖျက်ဝင်ရောက်ခဲ့ကြရာမှာ ပုပ်သိုးစပြုနေပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အသက် ၅၃ နှစ်ရှိ လမင်း(Lamine) ရဲ့အလောင်းကို ကုတင် ပေါ်မှာတွေ့ခဲ့ကြရတာပါ။ ဒါပေမယ့် တစ်စုံတစ်ရာ ရုန်းကန်လှုပ်ရှားမှု ဒါမှမဟုတ် ပစ္စည်းခိုးယူမှု လက္ခဏာတွေတော့မတွေ့ရဘဲ မျက်နှာကြက် ပန်ကာကလည်း လည်နေတာ တွေ့ကြရပါတယ်။

လမင်းရဲ့ နိုင်ငံကူးလက်မှတ်၊ အဝတ်အစားတွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း မပျက်မစီးတွေ့ကြရပါတယ်။ ဒါပေမယ့် စားပွဲတစ်ခုပေါ်မှာတော့ မက်သာဖက်တမင်း စိတ်ကြွဆေးတောင့် လေးခုကိုတွေ့ ရပြီး လွန်ခဲ့တဲ့ လေးရက်၊ ငါးရက်လောက်ကသေဆုံးနေတာလို့ ယုံကြည်ရပါတယ်။

အခန်းရဲ့နောက်ဘက်တံခါးမှာ သော့ခလောက်တွေ့ပေမယ့် ဝင်ရောက်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး အနောက်ဘက်သတ္တုခြံစည်းရိုးဘေးမှာတော့ ပလပ်စတစ်ခုံတစ်လုံးတွေ့ရကာ ကျော်ထွက်ထားတဲ့ လက္ခဏာကို တွေ့ကြရပါတယ်။ ခြံစည်းရိုးဘေးမှာတော့ ကြိုးသိုင်းဖိနပ်တစ်ရံလည်း တွေ့ရပြီး အလောင်းက ပြင်းထန်တဲ့အနံ့တွေကို အသက် ၅ဝ နှစ်ရှိ မွန် အမည်ရှိသန့်ရှင်းရေးသမားက ရခဲ့ပြီးတဲ့နောက် ရဲကို အကြောင်းကြားခဲ့တာပါ။

အခန်းပိုင်ရှင်က အခန်းကို လိင်ပြောင်းထားတဲ့ အသက် ၃၀ နှစ်အရွယ် နန်သီယာ အမည်ရှိ အမျိုးသမီး တစ်ဦးကိုငှားခဲ့ပြီး နန်သီယာက လမင်းအပြင် နောက်ထပ်လိင်ပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ပါ သုံးဦးပေါင်းပြီးနေထိုင်ကြတာလို့ ပြောခဲ့ပါတယ်။

အလောင်းကို အူဒုန်သာနီပြည်နယ်ဆေးရုံသို့ပို့ဆောင်ကာ သေဆုံးရတဲ့အကြောင်းရင်းကိုစစ်ဆေးနေပြီး အခန်းမှာ အခြားအတူနေထိုင်သူနှစ်ဦးကိုလည်း ရဲအဖွဲ့က စုံစမ်းထောက်လှမ်းနေတယ် လို့ သိရပါတယ်။

Ref- The Thaiger

မူရင်းသတင်း — Myanmar Transparency News