Myanmar Transparency News

မူဆယ်တွင် NUG လက်အောက်ခံ PDF နှင့် TNLA လက်အောက်ခံ PDF တို့ ဓားထိုးမှုဖြစ်ပွားရာမှ တစ်ဦးဒဏ်ရာရ

၁၇.၃.၂၀၂၅
Written By Zun

မူဆယ်တွင် NUG လက်အောက်ခံ PDF နှင့် TNLA လက်အောက်ခံ PDF တို့ ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှု ဖြစ်ရာမှ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၅ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှစ်ဦးနှင့် TNLA ၏ လက်အောက်ခံ ဒေသခံ PDF တစ်ဦးတို့ စကားပြောရာမှ အခြေအတင်ဖြစ်၍ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓားထိုးခံရသူ PDF အမျိုးသားမှာ အသက် ၂၂ နှစ်အရွယ်ရှိ TNLA လက်အောက်ခံ PDF ဖြစ်ပြီး ဓားဖြင့် လည်ပင်းနှင့် ကြောကုန်းတို့ကို ထိုးသည့်အပြင် ရိုက်နှက် ၍ လူမဆန်စွာနှိပ်စက်ခဲ့ပြီး ယင်း PDF ၏ ဇနီးကိုလည်း လည်ပင်းကို ညှစ်သတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ်ရာနေရာသို့ လူအများရောက်လာသည့်အခါ ဓားဖြင့်ထိုးခံရသည့် PDF ၏ သေနတ်တစ်လက်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံး၊ PDF ယူနီဖောင်းတစ်စုံ၊ ငွေကြေးအချို့ကို ယူဆောင်ထွက်ပြေးသွားကြောင်း လည်း သိရသည်။

“လူတွေရောက်လာလို့ အသက်ချမ်းသာရာရတာ။ လူတွေဝင်လာတော့ အဲဒီကောင်တွေ ထွက်ပြေးသွားတယ် တဲ့။ ပြန်လမ်းမဲ့ PDF ကလေးများ အခုတော့ အချင်းချင်းပြန်ချကုန်ကြပြီ။ စစ်ကိုင်းနဲ့ မကွေးက ပဒက်တွေလည်း အချင်းချင်းတီးတာ။ ဟိုဘက်ရွာကတစ်ဖွဲ့၊ ဒီဘက်ရွာကတစ်ဖွဲ့။ ဗိုလ်တွေချည်းပဲ။ ပဒက်အချင်းချင်းဖြောင်တာ အများကြီး”ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုထားသည်။

ဓားဒဏ်ရာရရှိခဲ့သည့် အဆိုပါ TNLA လက်အောက်ခံ PDF မှာ ရရှိထားသော ဒဏ်ရာများကြောင့် ဆေးကုသ မှုခံယူနေရကြောင်း သိရသည်။ (ဓာတ်ပုံ – CJ)

မူရင်းသတင်း — Myanmar Transparency News