Myanmar Transparency News

လမ်းကြားကနေ ထွက်လာတဲ့ ရေသန့်ဘူးပို့တဲ့ယာဉ်က လမ်းကြောတည့် စီးနင်းလာတဲ့ စက်ဘီးသမားကို ဝင်တိုက်မိလို့ စက်ဘီးစီးနင်းသူ နေရာတင်သေဆုံး

၁၇. ၃ .၂၀၂၅
Written by Hey Mar

‌လမ်းကြားက ထွက်လာတဲ့ ရေသန့်ဘူးပို့တဲ့ကားက လမ်း‌ကြောင်းတည့်နင်းလာတဲ့ စက်ဘီးကို ဖြတ်တိုက်မိတဲ့ဖြစ်စဉ် ဒီနေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်မြို့၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ကွမ်းအပ်မင်းသားကြီးလမ်းမှာဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း (ဘဘကြီး)ကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ရေသန့်ဘူးပို့တဲ့ ကားက သူ့ရှေ့က အံစာတုံးအမျိုးအစားယာဉ်ကို ကျော်တက်ရာက ဝင်တိုက်မိပြီး လမ်းဘေးကပ်နင်းလာတဲ့ စက်ဘီးစီးနင်းသူကိုပါ ထပ်မံတိုက်မိကာ အဆိုပါစက်ဘီးစီးနင်းသူအပေါ်ကို တိမ်း‌မှောက် ဖိမိခဲ့တာလို့လည်း သိရပါတယ်။

အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း(ဘဘကြီး)မှ တာဝန်ရှိသူက”ကျွန်တော်တို့ ရောက်သွားတော့ သက်ဆိုင်ရာကို စောင့်ပြီး လိုအပ်တာကူညီဖြစ်တယ်။ ရဲလုပ်ငန်းစစ်ဆေးမှုတွေပြီးတဲ့အခါမှာတော့ ရွှေသံလွင် နာရေးယာဉ်နဲ့ မြောက်ဥက္ကလာမေဓာဝီကို ပို့ဖို့ ညွှန်ကြားလို့ ရုပ်အလောင်းကူညီထုပ်ပိုးတင်ဆောင်ပေးခဲ့တယ်” လို့ MT News ကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် ဦးမောင်မောင်လို့ သိရှိရပြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း နေထိုင်သူလို့ သိရပါတယ်။ ညဂျူတီဝင်ဖို့ စက်ဘီးနဲ့အလုပ်သွားရာက အခုလို ယာဉ်မတော်တဆမှုနဲ့ သေဆုံးတာလို့ သိရပါတယ်။ တိုက်မိယာဉ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ရေသန့်ဘူးကုမ္မဏီ ဝန်ထမ်းနှစ်ဦးစလုံးအန္တရာယ်ကင်းပြီး ပူးပေါင်းဖြေရှင်းနိုင်ဖို့လည်း တာဝန်သိပြည်သူတွေက ထိန်းသိမ်းတားဆီးကာ ရဲလက် အပ်နိုင်ခဲ့တယ်လို့ မြေပြင်အခြေအနေကို ဒေသခံ ပရဟိတအသင်းသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News