Myanmar Transparency News

ဒလန်လင်မယားဟု စွပ်စွဲကာ PDF ပစ်ခတ်သတ်ဖြတ်သဖြင့် အသက်ကြီးပိုင်းဇနီးမောင်နှံနှစ်ဦး နှစ်လောင်းပြိုင်သေဆုံးခဲ့ရ

၁၈. ၃. ၂၀၂၅

Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာနေ ဇနီးမောင်နှံကို PDF တို့က ဒလန်လင်မယားဟုဆိုကာ ပစ်ခတ်သတ်ဖြတ်လိုက်သည့်အတွက် အသက်ကြီးပိုင်း အရွယ်ဇနီးမောင်နှံနှစ်ဦးစလုံး နှစ်လောင်းပြိုင်သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြသိန်း(ခ)ဦးဘထူး(၆၄)နှစ်သည် ၎င်း၏ဇနီး ဒေါ်မြင့်မြင့်စိန်(၆၇)နှစ်နှင့်အတူ ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်လင်မယား” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြသိန်း(ခ)ဦးဘထူးနှင့် ဒေါ်မြင့်မြင့်စိန်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News