Myanmar Transparency News

သာကေတမြို့နယ်တွင်‌ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးအား မသမာသူ လူတစ်စုက ဖမ်းဆီးသွား မှု ယနေ့ဖြစ်ပွား

၁၈.၃.၂၀၂၅
Written By Zun

ရန်ကုန်တိုင်း‌ဒေသကြီး၊ သာကေတမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား မသမာသူ လူတစ်စုက ဖမ်းဆီးသွားကြောင်း အဆိုပါ အမျိုးသမီး၏ သူငယ်ချင်းဖြစ်သူက MT News ကို ပြောသည်။

ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းက သာကေတ အမှတ်(၁)ဈေးရှိ ဖမ်းဆီးခံရသူ ဖွင့်လှစ်ထားသည့် လင်းလက်ရွှေစင် ရွှေဆိုင်သို့ သွားရောက်ရန် နေအိမ်မှ ခြံအပြင်သို့ ထွက်သည့်အချိန် ကားတစ်စီးဖြင့် မသမာသူ လူလေးဦးက ချုပ်၍ ဖမ်းဆီးပြီးကား‌ပေါ်တင် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူမှာ အသက် ၄၃ နှစ်အရွယ် အပျိုကြီး ဒေါ် စန္ဒာလင်း(ခေါ်) မိထုပ်ဆိုသူဖြစ်ပြီးယင်းမှာ ရခိုင်တိုင်းရင်းသူဖြစ်ကြောင်း၊
သာကေတမြို့နယ်၊ ထူပါရုံ (၂၂)နေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း သိရသည်။

“သူကတစ်ယောက်တည်းနေတာ။ အသက်က ၄၃ နှစ်လောက်ရှိပြီ။ ရွှေဆိုင်ကိုသွားရင် ဘေးတွဲ ဖြစ်ဖြစ်၊ ဆိုက်ကားဖြစ်ဖြစ်နဲ့ သွားတယ်၊သွားရင်လည်း ယုံကြည်ရတဲ့ ဘေးတွဲသမား၊ ဆိုက်ကားသမားတစ်ယောက်ယောက်ကို အမြဲ ခေါ်ထားပြီး စီးတာ မဟုတ်ဘူး။ အဆင်ပြေသူကိုခေါ်ပြီး စီးသွားတာ။ ခေတ်ကာလမကောင်းလို့ သူ့ကို သတိပေးကြပါတယ်။ သူကပေါ့ဆတယ်”ဟု ယင်း၏ သူငယ်ချင်းဖြစ်သူက ပြောပြသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသောကြောင့် သာကေတမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စုံစမ်းနေကြောင်းသိရသည်။

“ကျူးလွန်သူတွေကို အမြန်ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာအနေနဲ့ စုံစမ်းစစ်ဆေးနေကြပါတယ်”ဟု ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက MT News ကိုပြောသည်။

မူရင်းသတင်း — Myanmar Transparency News