Myanmar Transparency News

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားနှစ်ဦး အရက်သောက်ရန်ဖြစ်ရာမှ အရက်ပုလင်းကိုခွဲ၍ ရိုက်နှက်သောကြောင့် တစ်ဦးဆေးရုံရောက်မှု ယနေ့ ဖြစ်ပွား

၂၁.၃.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားနှစ်ဦး အရက်သောက်ရန်ဖြစ်ရာက အရက်ပုလင်းကိုခွဲ၍ အချင်းချင်း ရိုက်နှက်သောကြောင့် ဒဏ်ရာရသူတစ်ဦး ဆေးရုံရောက်သွားကြောင်း สปอร์ตไลท์บางปู(Bang Pu Spotlight) ဒေသတွင်း သတင်း စာမျက်နှာအရ သိရသည်။

ယနေ့ မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ မူယန်င်မြို့နယ်၊ ဘန်ပုရပ်ကွက် ကွန်ဒိုအဆောက်အအုံရှိတိုက်ခန်းတစ်ခန်းအတွင်း အတူနေ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦး မူးယစ်ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကွန်ဒိုအတွင်း မြန်မာတွေ ရန်ဖြစ်နေကြတယ်လို့ အာဏာပိုင်တွေဆီက သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ဒဏ်ရာရသူ ၂ ဦးကို တွေ့တဲ့အခါ သူတို့က တစ်ခန်းတည်း တူတူနေတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခန်းထဲမှာ အတူတူ အရက်သောက်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားများနေတာ ဆူညံနေကြတယ်။ တစ်ယောက်က ပုလင်းကို ရိုက်ခွဲပြီး နောက်တစ်ယောက်ကို ထိုးလိုက်တာ၊ နားနောက်ဖက်၊ လည်ပင်းတွေမှာ ဒဏ်ရာရပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုနည်းနဲ့မြေပြင်ကုသမှုတွေလုပ်ပြီးမှ ဆမွတ်ပရာကန်ဆေးရုံကို ခေါ်ဆောင်သွားပါတယ်”ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အခင်းဖြစ်ရာ ကွန်ဒိုအဆောက်အဦတွင် နေထိုင်ကြသူများမှာ အရက်သေစာသောက်စား၍ ရန်ဖြစ်ခြင်း၊ စကားများခြင်းတို့ကြောင့် ဒေသခံ ထိုင်းနိုင်ငံသားများက သည်းမခံနိုင်သည့်အတွက် တိုင်ကြားခံရသည့် ဖြစ်စဉ်များ မကြာခဏ ရှိကြောင်းလည်း သိရသည်။

Sources- สปอร์ตไลท์บางปู(Bang Pu Spotlight)

မူရင်းသတင်း — Myanmar Transparency News