Myanmar Transparency News

ရန်ကုန်မြို့လယ်ခေါင် ပန်းဘဲတန်း တိတ်ရှိန်ရွှေဆိုင်ကို လူလေးဦး ဝင်ရောက်ကာ သေနတ်ပြ ဓားပြတိုက်ပြီး ရွှေထည် ၂၀ ကျပ်သားလုယက်မှု ယနေ့ဖြစ်ပွား

၂၃. ၃. ၂၀၂၅
Written by Thettant

ရန်ကုန်မြို့လယ်ခေါင် ပန်းဘဲတန်းမြို့နယ်က တိတ်ရှိန်ရွှေဆိုင်ကို ဓားပြတိုက်လုယက်မှု ဒီနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

“ဟုတ်ပါတယ်။ ဒီမနက်လေးပါပဲ”လို့ တိတ်ရှိန်ရွှေဆိုင် တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

ဖြစ်ရပ်က ဒီနေ့ မနက် ၈ နာရီ၀န်းကျင်က ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းထိပ်က တိတ်ရှိန် ရွှေဆိုင်ကို လူ ၄ ယောက်က ဓားပြတိုက်ခဲ့တာလို့လည်း ဗိုလ်တထောင်နဲ့ မင်္ဂလာတောင်ညွန့် PDF Scout Channel တွေက ဖော်ပြထားပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ NOM ကလည်း ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၂၉ လမ်းနဲ့လမ်း ၃၀ ကြား၊ မဟာဗန္ဓုလလမ်း​ပေါ်က တိတ်ရှိန်​ရွှေဆိုင်ကိုမတ်လ ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က ဆိုင်ရှင် ဦးမိုး​အောင်၊ သမီးမမြတ်သဥ္ဇာမိုးနဲ့ ဆိုင်ဝန်ထမ်းအမျိုးသမီး ၇ ဦး ဆိုင်အတွင်းအတူရှိ​နေချိန် Mask တပ်ထား​တဲ့ အသက် ၂၅ နှစ်ခန့်အမျိုးသား​လေးဦး ဆိုင်အတွင်းဝင်လာကာ တစ်ဦးက​ သေနတ်နဲ့ထုတ်ချိန်ပြီး ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို ကောင်တာ​နောက် ထိုင်ခိုင်းထားကာ မှန်​ကောင်တာအတွင်းက ရွှေထည်မျိုးစုံ ၂၀ ကျပ်သားကို လုယက်ထွက်​ပြေးသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ပါဆုံးပစ္စည်း စိစစ်မှုနဲ့ CCTV မှတ်တမ်းတွေ စိစစ်ပြီး တရားခံဖော်ထုတ်ဖို့ လုပ်​ဆောင်နေတယ်လို့လည်း လုံခြုံရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ Ref & Photo – NOM

မူရင်းသတင်း — Myanmar Transparency News