Myanmar Transparency News

ပုဂံညောင်ဦးလမ်းပေါ် PDF တွေ ​ရှောင်တခင်တက်စစ်ချိန် ပခုက္ကူနဲ့ပေါက်က လုံခြုံရေးတပ်ဖွဲ့တွေအတွက် ရိက္ခာထောက်ပို့သူနှစ်ဦးကို တွေ့ရသည့်အတွက် သတ်ဖြတ်

၂၄. ၃. ၂၀၂၅
Written by Nay Moe

မန္တလေးတိုင်း​သေကြီး ပုဂံညောင်ဦးလမ်းပေါ်ကို PDF တွေ ​ရှောင်တခင်တက်စစ်ချိန်မှာ ပခုက္ကူနဲ့ပေါက်က လုံခြုံရေးတပ်ဖွဲ့တွေအတွက် ရိက္ခာထောက်ပို့သူနှစ်ဦးကို တွေ့ရတဲ့အတွက် သတ်ဖြတ်လိုက်တယ်လို့ ကျုးလွန်တဲ့ Bagan Bo Cho PDF အဖွဲ့က ဒီနေ့မှာ ဝန်ခံလာမှုအရ သိရပါတယ်။

သတ်ဖြတ်မှုဖြစ်စဥ်ဟာ မနေ့က မတ်လ ၂၃ ရက် မနက် ၁၀ နာရီ အချိန်ခန့်က ထန်းတပင်ရွာ‌နေ ပျူစောထီးလို့ PDF တွေ ပြောဆိုသူ ကိုဇော်မြင့်နှင့် ဆူးပုတ်ကုန်းရွာနေ ကိုအောင်စိုးဝင်း တို့ကို ပုဂံညောင်ဦး လမ်းပိုင်းတစ်နေရာမှာ Bagan Bo Cho PDF နဲ့ မဟာမိတ်တွေ လမ်းပေါ်တက် ရှောင်တခင် စစ်ဆေးချိန် ပခုက္ကူနဲ့ ပေါက်က လုံခြုံရေးတပ်ဖွဲ့တွေထံ ရိက္ခာထောက်ပို့ထားတဲ့ စာရွက်တွေနဲ့ ဖမ်းမိခဲ့တာပါ။

ဖမ်းမိသူ ၂ ဦးကို စစ်ဆေးမေးမြန်းချိန် ‌သူတို့ ၂ ဦးအပြင် ကိုကျော်မျိုးလင်းဆိုသူနဲ့ ပူးပေါင်းပြီး ကပစ-၂၁ က ကျည် ၅၀၀၀၀ ကို ပခုက္ကူမြို့ တပ်မ-၁၀၁ ထံ ပို့ဆောင်ခဲ့‌တယ်လို့ စစ်ဆေးသိရပြီး
စစ်‌ဆေးမေးမြန်းပြီးလို့ ဖမ်းစီးခေါ်ဆောင်သွားဖို့ ပြုလုပ်စဉ်မှာပဲ PDF တွေကို ခုခံတယ်လို့ အကြောင်းပြပြီး ထုံးစံအတိုင်း Bagan Bo Cho PDF ပူးပေါင်းအဖွဲ့က လက်နက်မဲ့ ဖမ်းမိခဲ့တဲ့ စစ်သုံပန်းနှစ်ဦးကို ပစ်သတ်လိုက်ကြတာပါ။

မူရင်းသတင်း — Myanmar Transparency News