Myanmar Transparency News

မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟု ယူဆရသည့် မူးယစ်ကုန်ကြမ်းဆေးဝါးများ မဲဆောက်မြို့တွင် တွေ့ရှိ၊ပိုင်ရှင်ရှာမတွေ့၍ လတ်တလော ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ကာ စစ်ဆေးမှုများ ပြုလုပ်နေ

၂၆.၃.၂၀၂၅
Written By Zun

မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟု ယူဆရသည့် မူးယစ်ဆေးပြုလုပ်ရာတွင် အသုံးပြုသော ဓာတုဗေဒ ကုန်ကြမ်းဆေးဝါးများကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့ မတ်လ ၂၅ ရက်က တွေ့ရှိ၍ သက်ဆိုင်ရာက ထိန်းသိမ်း စစ်ဆေးနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ မူးယစ်ကုန်ကြမ်း ဓာတုဆေးဝါးများ ထည့်ထားသည့် ပလတ်စတစ်ပုံးအပြာများကို မဲဆောက်မြို့နယ်၊ အမှတ်(၁၀)၊ မယ်ပကျေးရွာရှိ ဂိုဒေါင်တစ်ခုတွင် တွေ့ရှိကြောင်း သတင်းအရ မဲဆောက်အကောက်ခွန်ဌာနအပါအဝင် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပလတ်စတစ်ပုံးအပြာများကို ပြီးခဲ့သည့် မတ်လ ၉ ရက်ကပင် လူတစ်ဦးက အဆိုပါနေရာ၌ လာရောက် ထားသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အဆိုပါ လာထားသွားသူက ပုံးအပြာများကို လာမယူတော့၍ ဂိုဒေါင်ပိုင်ရှင်က မသင်္ကာဖြစ်လာကာ သက်ဆိုင်ရာသို့ မတ်လ ၂၅ ရက်တွင် အကြောင်းကြားသည့်အတွက် တက်ခ်ခရိုင် မူးယစ်ထိန်းချုပ်ရေးဘုတ်အဖွဲ့ တိုင်းဒေသကြီး ၆၊ မဲဆောက် ရဲစခန်း၊ အကောက်ခွန် အရာရှိ၊ DSI အရာရှိ၊ နယ်ခြားစောင့်ရဲ နယ်မြေ ၃၄၆ နှင့် NFD တိုင်းဒေသကြီး ၃၁ တို့မှ အရာရှိများ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိုဒေါင်သို့ သွားရောက်စစ် ဆေးရာ မူးယစ်ကုန်ကြမ်း ဓာတုဆေးဝါး ဂါလံ ၄၀၀ ကျော်ကို တွေ့ရှိ၍ သိမ်းဆည်းထားပြီး လတ်တလောတွင် ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

၎င်း မူးယစ်ကုန်ကြမ်း ဓာတုဆေးဝါးများမှာ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဟုယူဆရသည့် အတွက် မဲဆောက် ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News