Myanmar Transparency News

သထုံ၊ မြေနီကုန်းဘူတာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာ အပိုင်းပိုင်းပြတ်နေတဲ့ အမျိုးသားအလောင်းတွေ့ရှိ

၁. ၄ .၂၀၂၅
Written by Hey Mar

သထုံ၊ မြေနီကုန်းဘူတာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာ အပိုင်းပိုင်းပြတ်နေတဲ့ အမျိုးသားအလောင်းတစ်‌လောင်းကို ဒေသခံ လူမှုကူညီရေးအသင်းတွေ ကောက်ယူ ဖယ်ရှားခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ ဧပြီလ ၁ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၃၀ကျော် အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

သေဆုံးသူရဲ့ အရပ်ဒေသ အမည် မသိရှိရဘဲ အလောင်းမှာ သုံးပိုင်းပြတ်ထွက်နေတာကြောင့် အင်္ဂါစုံအောင် မနည်း ကောက်ယူရတယ်လို့ ရုပ်အလောင်းကောက်ယူတဲ့ အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

သူက “အဲ့ဒီရုပ်အလောင်းကို တူးမြောင်းကူး သံလမ်းတံတားအောက်မှာ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲ​နေတာကို အိတ်ထဲ စုထည့်ပြီး သထုံဆေးရုံဆီ ပို့ပေးခဲ့ရပါတယ်။ ကျွန်တော်တို့လည်း အနီးအနားရပ်ကွက်တွေ ရွာတွေ လူပျောက်ရှိလား အပူတပြင်းစုံစမ်းပေးတာပဲ။ အခုညနေထိတော့ အ‌ခြေအနေမထူးဘူး။ ပိုင်ရှင်မဲ့နဲ့ သင်္ဂြိုဟ်ရမယ်ပုံပါပဲ” လို့ MT News ကို ပြောပါတယ်။

အဆိုပါ ရထားလမ်းပေါ်ကို မော်လမြိုင် အစုန် အဆန်ရထား၊ စာပို့ရထားနဲ့ ကျောက်တင်တဲ့ ရထားတွေလည်း နေ့စဉ်ဖြတ်သန်းလေ့ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News