Myanmar Transparency News

မင်းလှမြို့နယ်မှ ရဲဝန်ထမ်းဟောင်း အုပ်ချုပ်ရေးမှူးကို PDF နှစ်ဖွဲ့ပေါင်းကာ သတ်ဖြတ်

၁၃. ၄. ၂၀၂၅
Written by Nay Moe

ပြည်သူများ ငလျင်ဘေးကျရောက်နေချိန် အပစ်ရပ်မည်ကြေညာထားသည့် NUG ၏ ကြေညာချက်ကို PDF များက မလိုက်နာဘဲ တိုက်ခိုက်သတ်ဖြတ်မှု ဆက်လက်ကျူးလွန်နေသလို ယခုလည်း မင်းလှမြို့နယ်မှ ရဲဝန်ထမ်းဟောင်း အုပ်ချုပ်ရေးမှူးကို PDF နှစ်ဖွဲ့ပေါင်းကာ သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် PDF တို့က ဝန်ခံလာသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သင်တောကန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်လှိုင်အား ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်း၍ စစ်ကွင်းမြို့ အနောက်ဘက်အထွက် လမ်းပေါ်၌ သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ဝန်ခံထားသည်။

အုပ်ချုပ်ရေးမှူးဦးကြည်လှိုင် သည် ရဲဝန်ထမ်းဟောင်း၊ စစ်တပ်အမာခံ ထောက်တိုင်ဖြစ်ကာ PDF များ၏ သတင်းများအားပေးပို့ခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် လစဥ်ကောက်ခံခြင်း၊ စစ်မှုထမ်းရန် အမည်စာရင်းပါသူများထံမှ ငွေကြေးများ အဆမတန် တောင်းခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် သတ်ဖြတ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ် ခွဲ ၃ က ဆင်ခြေပေးသော်လည်း အဆိုပါ စွပ်စွဲချက်များ မှန် မမှန် MT News က အတည်မပြုနိုင်သလို ကျူးလွန်သည့် PDF များကလည်း သက်သေမပြနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News