Myanmar Transparency News

BWM PDF အဖွဲ့က ငလျင်ကယ်ဆယ်ရေးပစ္စည်းများသယ်ဆောင်သည့် နိုင်ငံတကာလေယာဉ်များ ဆိုက်ရောက်ရာ အေလာ လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့

၁၉.၄.၂၀၂၅
Written By Zun

Brave Warirror For Myanmar PDF အဖွဲ့က ငလျင်ကယ်ဆယ်ရေးပစ္စည်းများသယ်ဆောင်သည့် နိုင်ငံတကာလေယာဉ်များ ဆိုက်ရောက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အေလာလေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ကြောင်း ကျူးလွန်သည့် PDF အဖွဲ့၏ ဝန်ခံချက်အရ သိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက် ည ၉ နာရီကျော်ခန့်က BWM PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာ ယင်းမှာ လေဆိပ်သို့မရောက်ဘဲ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရေလယ်ကွေ့ရွာရှိ နေအိမ်ခြံဝန်းတစ်ခု သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

“ပထမ တစ်ကြိမ် ဇီးဖြူတန်းဘက်က အသံကြားတယ်။ နောက်ထပ်ရတဲ့ သတင်းက ရေလယ်ကွေ့ ရွာ က ကိုသိန်းထွန်းရဲ့ အိမ်ဝင်းထဲကို ကျတာ။ မပေါက်ကွဲဘူး၊ မြေကြီးပေါ် ထိပ်ဖူးကျိုးပြီးတော့ စိုက်ကျနေတာပေါ့။ ဘာမှ မထိခိုက်ဘူး။ ဒီနေ့မနက် အစောကြီးက တာဝန်ရှိသူတွေ လာသွားကြပြီ”ဟု တပ်မတော်နှင့် နီးစပ်သူက ပြော သည်။

၎င်းဒုံးသီးမှာ မပေါက်ကွဲခဲ့သောကြောင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ဒုံးသီးကျရောက်ခဲ့သည့် နေရာသို့ သွားရောက်၍ သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ထို့ပြင် လယ်ဝေးမြို့နယ်၊ ရေကာကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာနှင့် ကံဘဲ့ရှမ်းကျေးရွာကြား တာဘောင်လမ်းမ ပေါ်တွင် ပစ်ခတ်ပြီး ရှော့တိုက်ဒုံး ၃ လုံး နှင့် ရေလယ်ကွေ့တွင် မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံး ၃ လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျူးလွန်သည့် Brave Warrior for Myanmar (BWM) အဖွဲ့က ဧပြီလ ၁၈ ရက် ည ၈ နာရီခွဲအချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးဖြင့် အေလာလေဆိပ်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ပေါက်ကွဲကြောင်း ထုတ်ပြန်ထားသော်လည်း အဆိုပါပစ်ခတ်မှုမှာ လေဆိပ်ထဲမကျသလို မပေါက်ကွဲကြောင်းလည်း တပ်မတော်သတင်းရင်းမြစ်ထံမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News