Myanmar Transparency News

ဘုရားဖူးများ လိုက်ပါလာသော Alphard ယာဥ် ရှေ့ဘီးပေါက်ကာ Guard Rail တန်း ဝင်တိုက်ကာ တိမ်းမှောက်ရာမှ လေးဦးဒဏ်ရာရမှု အမြန်လမ်းတွင် ဖြစ်ပွား

၂၀.၄.၂၀၂၅
Written by KL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀/၀ မိုင်နှင့် ၁၉/၇ မိုင်တိုင်ကြားတွင် ဧပြီလ ၁၉ ရက် ညနေ ၄ နာရီက Toyota Alphard ယာဥ်တစ်စီး ရှေ့ဘီးပေါက်ကာ Guard Rail တန်း ဝင်တိုက်​၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ လိုက်ပါလာသူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်မောင်း အပါအဝင်အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း လူ ၈ ဦးလိုက်ပါလာပြီး မကွေးဘက်မှ ရန်ကုန်သို့ပြန်လာသော Toyota Alphard အမျိုးအစား အဖြူရောင်ယာဉ်မှာ ရှေ့ညာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေး ကာရံထားသော Guard Rail တန်းကို ဝင်တိုက်​ပြီး လမ်းဘေးမြေသားလမ်းပေါ်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၃၄ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားတစ်ဦးတွင် နဖူးပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတွင် ဘယ်လက်ကျိုးဒဏ်ရာ၊ ညာဘက်နဖူးနှင့် မေးစေ့ပေါက်ပြဲဒဏ်ရာနှင့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးတွင် ဦးခေါင်းညာဘက်ခြမ်းပေါက်ပြဲဒဏ်ရာ၊ အသက် ၆၄ နှစ်အရွယ် အဘွားအိုတွင် ဘယ်လက်ပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

“ကားက ဘုရားဖူးကအပြန် ရန်ကုန်အဝင်မှာဖြစ်တာ။ ဒဏ်ရာရတဲ့အမျိုးသမီး သုံးယောက်မှာ နှစ်ယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်။ သူတို့က ရန်ကုန်​မြို့ တောင်ဒဂုံမှာနေတဲ့သူတွေပါ”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒဏ်ရာရရှိသူများကို ဉာဏိဿရအရေးပေါ်လူနာတင်ယာဥ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူဆေးရုံသို့ပို့​ဆောင်ကူညီပေးခဲ့ပြီး လူနာများမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ်အမိုးပွင့်ထွက်ပြီး ရှေ့နောက်ဘေးဘယ်ညာ လေကာမှန်များ ပျက်စီးသွားသည့်အပြင် ကားကိုယ်ထည်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News