Myanmar Transparency News

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၈ လမ်းမှာ တစ်ဦးတည်းနေသူအမျိုးသမီးကြီးကို လည်လှီး သတ်ဖြတ် လုယက်မှုဖြစ်ပွား

၂၂. ၄. ၂၀၂၅
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၈ လမ်းရှိ တိုက်ခန်းတစ်ခု၌ ယနေ့ နံနက်ပိုင်းက တစ်ဦးတည်းနေသည့် အမျိုးသမီးကြီးကို လည်လှီးသတ်ဖြတ်ကာ လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၂၂ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါလမ်းအတွင်း တိုက်အမှတ် (၁၅) ၌ တစ်ဦးတည်းနေ အသက်(၆၂)နှစ်အရွယ် အာအိရှဟ်ဘီ(ခ) ဒေါ်သန်းသန်းဌေးမှာ လည်လှီး အသတ်ခံရပြီး ငွေနှင့်ရွှေထည်ပစ္စည်းများပါသွားခဲ့သည်ဟု သိရသည်။

“အမေဆုံးပြီတဲ့။ အိမ်မှာ အသတ်ခံရပြီး ငွေတွေယူသွားတာပါ”ဟု ဒေါ်သန်းသန်းဌေး၏ သမီးဖြစ်သူက အခင်းဖြစ်စဥ်နှင့်ဆက်စပ်၍ ၎င်း၏ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ယနေ့ မနက်ပိုင်းက မိခင်ဖြစ်သူကို Tag တွဲ၍ အသိပေးရေးသားထားသည်။

လုယက်သတ်ဖြတ်ခံရသူမှာ အဆိုပါ ၈ ထပ်တိုက် ၃ လွှာတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ ထိုသို့နေထိုင်သည်မှာလည်း လေးလခန့်သာရှိသေးကြောင်း၊ ယနေ့နေ့လယ်တွင် တာဝန်ရှိသူများ လာရောက်စစ်ဆေးကာ သေဆုံးသူကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်၍ စစ်ဆေးနေကာ တရားခံဖမ်းမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News