Myanmar Transparency News

အမြန်လမ်းတွင် အမျိုးသမီးယာဥ်မောင်းအိပ်ငိုက်ရာမှ Cadina ယာဥ် Guard Rail တန်းကို ဝင်တိုက်၍ တစ်ဦး စိုးရိမ်ရ

၂၄.၄.၂၀၂၅
Written by KL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၁/၇)တွင် ယနေ့ ဧပြီလ ၂၄ ရက် ညနေ ၃ နာရီ ၄၀ ခန့်က အမျိုးသမီးယာဥ်မောင်း အိပ်ငိုက်ရာမှ Cadina အမျိုးအစား အဖြူရောင်ယာဉ်မှာ လမ်းဘေးတွင် ကာရံထားသော Guard Rail  တန်းများကို ဝင်ရောက်တိုက်မိပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရ​ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကြီး မောင်းနှင်လာပြီး ယာဥ်မောင်း အမျိုးသမီးအပြင် အ​ခြား​သော အမျိုးသမီးတစ်ဦး၊ကလေးနှစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသည့် Cadina မော်တော်ယာဥ်မှာ မိုင်တိုင်အမှတ် ၁၀၁/၇ အရောက်တွင် ယာဥ်မောင်းအိပ်ငိုက်၍ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းကို ဝင်တိုက်ကာ မော်တော်ယာဥ် ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ယာဥ်မောင်း အမျိုးသမီးတွင် ဦးခေါင်းနှင့်နဖူးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

“ကားပေါ်လိုက်ပါလာတဲ့ ကလေး ၂​ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဘာမှမဖြစ်ပေမယ့် ယာဥ်မောင်းက ဒဏ်ရာရသွားတယ်။ ယာဥ်မောင်းက နေပြည်တော်ကပါ”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် မော်တော်ယာဥ်မှာ ယာဥ်ခေါင်းပိုင်းပိန်ချိုင့်ကာ၊ အရှေ့ လေကာမှန်ကွဲအပ်ပြီး ညာရှေ့နှင့် ညာနောက်တံခါးမှန်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News