Myanmar Transparency News

ဓားမြောင်သာကိုင်ထားတဲ့ မင်းလှနယ် အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူးကို PDF သုံးဖွဲ့ပေါင်းပြီး သေနတ်နဲ့ ငါးချက် ပစ်သတ်

၂၇. ၄. ၂၀၂၅
Written by Nay Moe

ဓားမြောင်သာကိုင်ထားတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ် အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူးကို PDF သုံးဖွဲ့ပေါင်းပြီး သေနတ်နဲ့ငါးချက် ပစ်သတ်လိုက်တယ်လို့ NUG ရဲ့ PVTV သတင်းဌာနက ကျူးလွန်သူ PDF တွေရဲ့ ပြောဆိုချက်သုံးပြီး သတ်ဖြတ်ခံထားရသူပုံနဲ့တကွ သတင်းဖော်ပြလာပါတယ်။

မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကို NUG ဩဇာခံ PDF တွေဖြစ်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဧပြီ ၂၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်မှာ ကန့်လန့်ကုန်းရွာထိပ်လမ်းပေါ်မှာ သေနတ်နဲ့ ၅ ချက် ပစ်သတ်လိုက်တာလို့လည်း ဝန်ခံထားပါတယ်။

အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကို PDF သုံးဖွဲ့က ရက်စက်စွာသတ်ဖြတ်ပြီးတဲ့နောက်မှာ ဓားမြောင် ၁ ချောင်း၊ ငွေသားကျပ် ၆၀၀၀၀၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ စစ်မှုထမ်းရမယ့် အမည်စာရင်းပါ စာရွက်စာတမ်းတွေနဲ့ အခြားစာရွက်စာတမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဦးစိုးဝင်းဟာ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံကနေ ငွေကြေးတွေကို အတင်းအကြပ် ကောက်ခံတာ စစ်မှုထမ်းတာ အမည်စာရင်းပါသူတွေဆီကနေ ငွေကြေးတွေ အဆမတန် တောင်းခံတာ၊ လူငယ်တွေ စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းတာ၊ လူငယ်တွေကို လက်ထောက်ချ ပေါ်တာဆွဲခိုင်းတာတွေ လုပ်ဆောင်နေတဲ့ အတွက် သတ်ဖြတ်လိုက်တာလို့လည်း ကျူးလွန်တဲ့ PDF တွေနဲ့ PVTV က ဆင်ခြေပေးဖော်ပြပေမဲ့ ဒီစွပ်စွဲချက်မှန်မမှန် MT News က အတည်မပြုနိုင်သလို PDF တွေနဲ့ PVTV ကလည်း သက်သေမပြနိုင်ပါဘူး။

မူရင်းသတင်း — Myanmar Transparency News