Myanmar Transparency News

ရွှေလင်ဗန်းစက်မှုဇုန်ရှိ Nisho အထည်ချုပ်စက်ရုံ အချိန်တစ်နာရီကျော် မီးလောင်၊ ပိတ်လိပ် ၁၀၀ ကျော် ပျက်စီး ဆုံးရှုံး

၃၀.၄.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်းရှိ Nisho အထည်ချုပ်စက်ရုံတွင် ယမန်နေ့ ဧပြီလ ၂၉ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

အလျား ပေ ၁၂၀၊ အနံ ပေ ၈၀ ရှိ Steel Structure တစ်ထပ်အဆောက်အအုံတွင် စက်ရုံလုံခြုံ​ရေးမီးကို ပလပ်ပေါက်ထိုးကာ အသုံးပြုရာမှ ပလပ်ပေါက် Loose ဖြစ်၍ မီးပွားထွက်ပြီး အောက်ရှိ ပိတ်စလိတ်ပေါ်သို့ မီးပွားကျရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ တွေ့ရှိချက်အရ သိရသည်။

မီးလောင်မှုမှာတစ်နာရီခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၁၅ စီး၊ အထောက်အကူပြုယာဥ်တစ်စီး၊ ကွပ်ကဲမှုယာဥ်တစ်စီး၊ သန္ဓေအရန်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဖြင့် Level 1 အဆင့် သတ်မှတ် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဆောက်အအုံရှိ နေရာအနည်းငယ်နှင့် ပိတ်လိပ် ၁၀၀ ခန့်မီးလောင်ဆုံးရှုံးခဲ့သဖြင့် မန်နေဂျာဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားကို သောင်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News