Myanmar Transparency News

ရပ်ထားသည့် ၁၈ ဘီးယာဥ်ကို ငါးတင် Canter ယာဥ် ဝင်တိုက်ရာက တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

၄. ၅. ၂၀၂၅
Written by Thettant

ရပ်ထားသည့် ၁၈ ဘီးယာဥ်ကို ငါးတင် Canter ယာဥ် ဝင်တိုက်ရာက တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနထံက သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ ရန်ကုန်-ပဲခူးကားလမ်းမဘေးတွင် ရပ်နားထားသော Nissan အမျိုးအစား အဖြူရောင်(၁၈)ဘီးယာဉ်အား ငါးပုံးမျာတင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား ဖြူပြာရောင် (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်ရောက်တိုက်မိခဲ့သည်။

ထိုယာဥ်တိုက်မှုကြောင့် ကားခေါင်းခန်းအတွင်း လူညပ်နေကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်တိုက်မှုကြောင့် Mitsubishi Canter ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး (သေဆုံး)၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား လှည်းကူးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဓမ္မဂုဏ်ရောင်အသင်း၊ ကရုဏာရှင်အသင်း၊ Medical လူငယ်အသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

“ရဲမွန်ရွာ၊ လမ်းသစ်မှတ်တိုင်နားမှာဖြစ်သွားတာပေါ့။ နောက်ကဝင်တိုက်တာ ငါးကားပါ။ အတိုက်ခံရတဲ့ကားကလည်း လမ်းဘေးတော်တော်ချထားပြီး ကားဘီးလောက်ပဲ တင်ထားတာတော့ တွေ့ရပါတယ်။ ဝင်တိုက်တာကတော့ တော်တော် အရှိန်ပြင်းတယ်။ ကားခေါင်းတောင် ပျောက်လုနီးပါးပဲ။ ခေါင်းခန်းထဲက တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရသွားတာပါ” ဟု ကူညီပေးခဲ့သူတစ်ဦးက သူသိရှိသမျှကို MT News သို့ မျှဝေသည်။

ဓာတ်ပုံ – MFSD & ကရုဏာရှင်

မူရင်းသတင်း — Myanmar Transparency News