Myanmar Transparency News

ဂက်စ်အရောင်းဆိုင်တွင် ဂတ်စ်အိုးဖလှယ်ရာမှ ပွင့်ထွက်၍ မီးလောင်မှုဖြစ်ကာ လေးဦးဒဏ်ရာရမှု ချမ်းမြသာစည်တွင် ယ​နေ့ဖြစ်ပွား

၅.၅.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဂက်စ်အရောင်းဆိုင်တွင် ယ​နေ့ မေလ ၅ ရက် နံနက် ၁၁ နာရီခန့်က ဂက်စ်အိုးအကြီးမှ Portable Gas အိုးအသေးသို့ Gas အရည်ဖြည့်ရာ Pressure လိုအပ်သည်ထက် ပိုဖြည့်ရာမှ ပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ပြီး ၁၅ ပေပတ်လည် သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း တစ်ထပ်အဆောက်အအုံ တစ်လုံး၊ 48 KG ဂက်စ်အိုးကြီး လေးလုံး​နှင့် အလျား ပေ ၂၀၊ အနံ ပေ ၃၀ ရှိ နံကပ်နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ကိုကျော်မိုးလွင်နှင့် ၂၈ နှစ်အရွယ် ကိုခန့်ကိုကိုနိုင်တို့တွင်
လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်နှင့် တင်ပါးတိို့မီးလောင်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ထို့အပြင် အသက် ၄၁ နှစ်အရွယ် ဒေါ်နှင်းဝေဝေလွင်တွင် ခြေထောက်နှစ်ဖက်နှင့်လက်နှစ်ဖက် အနည်းငယ်မီးဟပ်ခံရပြီး မီးငြှိမ်းသတ်သည့် သံလျှက်မှော်တောင်အရန်မီးသတ်မှ တပ်ကြပ်တစ်ဦးတွင် မျက်နှာမီးဟပ်ခံရကာ ညာဘက်လက်ချောင်းအနည်းငယ်မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကိုကျော်မိုးလွင်ကို ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ်၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News