Myanmar Transparency News

ဆိုင်ကယ်စီးလာသည့် လက်နက်မဲ့ ထူးကုန်းရွာ အုပ်ချုပ်ရေးမှူးကို အုတ်ဖို PDF သတ်ဖြတ်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေ ၁၀၀၀၀ လုယက်သွားမှု ယနေ့ဖြစ်ပွား

၆.၅.၂၀၂၅
Written by Nay Moe

ဆိုင်ကယ်စီးလာသည့် လက်နက်မဲ့ ထူးကုန်းရွာ အုပ်ချုပ်ရေးမှူးကို အုတ်ဖို PDF သတ်ဖြတ်ပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေ ၁၀၀၀၀ လုယက်မှု ယနေ့ပြုလုပ်ခဲ့သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ယခုထုတ်ပြန်သည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အနောက်ခြမ်းရှိ ထူးကုန်းရွာနေ ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦလှအောင်အား ယနေ့ မေလ ၆ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထူးချောင်းရွာနှင့် အုတ်ဖိုမြို့ကို ဆက်သွယ်ထားသည့် လမ်းမပေါ်၌ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက သေနတ်ဖြင့် ဦးခေါင်းတည့်တည့် အနီးကပ် တစ်ချက် ပစ်ခတ် သတ်ဖြတ်လိုက်ပြီး မိုလ်ဘိုင်းဖုန်း တစ်လုံးနှင့် ငွေသား ၁၀၀၀၀ ကျပ်ကို လုယက်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးလှအောင် သည် ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသည့် လူငယ်များကို အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ PDF များအား သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မည်ဟု ဆဲဆိုစိန်ခေါ်ခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဆင်ခြေပေးသော်လည်း သက်သေမပြနိုင်ကြသလို MT News ကလည်း မြေပြင်အတည်မပြုနိုင်ချေ။

ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News