

MT News
၈. ၅. ၂၀၂၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်း ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိရာ ယခုနှစ် ဧပြီလအတွင်း ပြည်သူများတိုင်ကြားမှုကြောင့် ကျပ် ၁၀ ဘီလျံကျော် မှောင်ခိုကုန်စည်များနှင့် ရေယာဉ်၊ မော်တော်ယာဉ်၊ ငါးဖမ်းစက်လှေ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအပါအဝင် ယာဉ်အများအပြား ဖမ်းဆီးရမိခဲ့ပြီး တိုင်ကြားသူများကို ကျပ် ၂ ဘီလျံကျော် ပြန်လည်ချီးမြှင့်မည်ဖြစ်သည်။

တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း သတင်းရရှိမှု ၁၀၁ ကြိမ်ရရှိခဲ့ပြီး သတင်းမှားငါးကြိမ်၊ နောက်ကျသတင်းလေးကြိမ်နှင့် ဖမ်းဆီးရမိမှု ၉၂ ကြိမ် ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၂၀၇ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၆၅ မျိုးအပါအဝင် ဖမ်းဆီးရမိမှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၉၂ ဒသမ ၈၅၄ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် ရေယာဉ်၊ မော်တော်ယာဉ်များ၊ ငါးဖမ်းစက်လှေများအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၉၂ ဒသမ ၈၅၄ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သန်း ၂၁၁၈ ဒသမ ၅၇၀ ကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ ဖုန်း ၀၉-၄၀၄၃၃၉၉၆၉ ၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။