Myanmar Transparency News

သံဃာတစ်ပါးမောင်းနှင်လာတဲ့ ဘုရားဖူးယာဉ် အရှိန်လွန်တိမ်းမှောက်ရာက တစ်‌ဦးသေ ၁၅ ဦး ဒဏ်ရာရ

၁၀. ၅.၂၀၂၅
Written by Hey Mar

သံဃာတော်တစ်ပါးမောင်းနှင်တဲ့ ဘုရားဖူးယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး ထိုးကျတိမ်းမှောက်ရာက အမျိုးသား၊ အမျိုးသမီး ( ၁၅) ဦးခန့် ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြပြီး အမျိုးသမီးတစ်ဦးနေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် မေလ ၉ ရက် မနက် ဆယ်နာရီ ဝန်းကျင်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ‌မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာကွက်သစ်၊ အ-မ-ကစာသင်ကျောင်းရှေ့၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး ကျိုက်ထီးရိုးဘုရားဖူးက‌ နေပြန်လာတဲ့ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကားလမ်းဘေးထိုးကျတိမ်းမှောက်တဲ့ ယာဉ်ပေါ်လိုက်ပါစီးနင်းလာကြတဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနှင်းကျေးရွာနေ အမျိုးသား၊ အမျိုးသမီး ၁၅ ဦးခန့်မှာ ဦးခေါင်းထိခိုက် ၊ ပွန်းပဲ့ဒဏ်ရာတွေအပါအဝင် လက်၊ ခြေ ကျိုးတဲ့ ထိခိုက်ဒဏ်ရာ‌တချို့ ရရှိခဲ့ကြပြီး၊ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးမှာတော့ ဦးခေါင်း၊ မျက်နှာ ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို မိုးကောင်း(RESCUE)လူမှုကယ်ဆယ်ရေးအသင်း၊ ပီတိနှလုံးသား လူမှုကူညီရေးအသင်း(နောင်ဘို)နဲ့ မိတ်ဖွဲ့ကယ်ဆယ်ရေးအသင်းတွေက သွားရောက်ကူညီ‌ ပေးခဲ့ကြပြီး အသင်းပိုင်လူနာတင်ယာဉ်တွေနဲ့ သိမ်ဆိပ်ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့ကြကာ အဆိုပါဆေးရုံမှ လွှဲပြောင်းလူနာ‌ တွေကို သထုံဆေးရုံကြီးဆီ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News