Myanmar Transparency News

လေးကောင်ဂျင် လောင်းကစားပြုလုပ်သူ အမျိုးသား၊ အမျိုးသမီး ၂၈ ဦးကို ဝမ်းတွင်းရဲစခန်း ဖမ်းဆီး

MT News

၁၃. ၅. ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူ အမျိုးသား၊ အမျိုးသမီး ၂၈ ဦးအား ဝမ်းတွင်းရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၁ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာနေ ကျော်ကျော်(၄၂)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝမ်းတွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ကျော်ကျော်ပါ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦးတို့အား လေးကောင်ဂျင် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဂျင်သီး သုံးလုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၇၉၆,၅၀၀ ကျပ် တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ကျော်ကျော်ပါ ဖမ်းမိသူ ၂၈ ဦးအား ဝမ်းတွင်းမြို့မရဲစခန်းက (ပ)၄၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News