Myanmar Transparency News

အမျိုးသားတစ်ဦးကို ပျူစောထီးအုပ်ကြီးဟု တံဆိပ်ကပ်ကာ မြင်းခြံ နဂါးနီ PDF အဖွဲ့ သတ်ဖြတ်

၁၃.၅.၂၀၂၅
Written by Nay Moe

အမျိုးသားတစ်ဦးကို ပျူစောထီးအုပ်ကြီးဟု တံဆိပ်ကပ်ကာ NUG လက်အောက်ခံ PDF အဖွဲ့ဖြစ်သော နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ PDF အဖွဲ့ ကသတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် PDF များက ယနေ့ ဝန်ခံသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွှေတောင်ကျေးရွာနေ ဦးထွန်းဦးဆိုသူကို “စစ်ကောင်စီ ဒေါက်တိုင်၊ ပျူစောထီး အုပ်ကြီး” ဟု နဂါးနီ PDF အဖွဲ့က စွပ်စွဲသည့်အပြင် ဦးထွန်းဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ ပြည်သူလူထုအပေါ် အနိုင်ကျင့် ကုတ်သွေးစုပ်နေသည်ဟု ပြည်သူများထံမှ သိရှိရသဖြင့် မေလ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြင်းခြံတိုက်နယ်(၃) နဂါးနီပြောက်ကျား PDF အဖွဲ့ မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံပြီး ထွက်ပြေးရန်ကြိုးစား‌နေချိန်တွင် နဂါးနီ PDF များက ပစ်ခတ်သတ်ဖြတ်လိုက်သလို ဦးထွန်းဦး အသက် ၅၄ နှစ် ထံမှ လက်ပစ်ဗုံးသီး(၂)လုံး နိုင်ငံသားစိစစ်ရေးကတ်ပြားကို သိမ်းဆည်းခဲ့သည်ဟု နဂါးနီ PDF က ဝန်ခံသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News