Myanmar Transparency News

ထိုင်းနိုင်ငံအတွင်း ခိုးဝင်သူ တရားမဝင် မြန်မာလုပ်သား ၉ ဦးနှင့် ထိုင်းနိုင်ငံသားယာဉ်မောင်း ၁ ဦး ယနေ့ ဖမ်းဆီးခံရ

၁၈.၅. ၂၀၂၅
Written by Nay Moe

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ ဖော့ဖရာ့ခရိုင်၊ ဗယ်လီခရိုင်ခွဲ၊ ကျေးရွာအမှတ် (၃ )ဘန်ဗယ်လီနူအာအနီးတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးကို ရတ်ချာ့မနူတပ်ဖွဲ့ဝင်များက ယနေ့မွန်းမတည့်မီအချိန်က ကြားဖြတ်ဟန့်တားခဲ့ပြီး ယင်းစစ်ဆင်ရေးအတွင်း အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၉ ဦးနှင့် အသက် ၂၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ယာဉ်မောင်းဖြစ်သူက မြန်မာနိုင်ငံသားများကို နယ်စပ်အနီးရှိ ဘန်မော်ကာထိုင်းသို့ သွားရောက် ခေါ်ဆိုလာခဲ့ပြီး ဖော့ဖရာ့ခရိုင်၊ ခီရီရတ်ခရိုင်ခွဲသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ဝန်ခံခဲ့သည်။

ထိုနေရာမှတစ်ဆင့် တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သားများသည် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသများ၌ အလုပ်အကိုင်ရှာဖွေရန် ရည်ရွယ်ထားကြကြောင်း သိရသည်။

ရတ်ချာ့မနူတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဖော့ဖရာ့ရဲစခန်းသို့ လွှဲပြောင်းပေးခဲဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News