Myanmar Transparency News

အင်းစိန်၊ အောင်ဇေယျတံတားအဆင်းမှာ ကန်တာယာဉ်တစ်စီး ဘရိတ်ပေါက်ကာ အရှိန်လွန်ဝင်တိုက်မိတာကြောင့် လူနှစ်ဦးပြင်းထန် ဒဏ်ရာရရှိပြီး ဆေးရုံအရောက် တစ်ဦးသေဆုံး

၁၉.၅.၂၀၂၅
Written by Hey Mar

မှတ်တိုင်ဝင်ရပ်ကာ လူတင်အချပြုနေတဲ့ YBS ယာဉ်ကို ကန်တာအမျိုးအစား ‌ခြောက်ဘီးယာဉ်က ဘရိတ်ပေါက်ပြီး နောက်ကနေဝင်တိုက်မိလို့ အမျိုးသားတစ်ဦးနဲ့ ကလေးတစ်ဦးပြင်းထန်ဒဏ်ရာတွေရရှိကာ ဆေးရုံအရောက် တစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မေလ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ တွဲလက် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျတံတားပေါ်ကနေ ဆင်းလာတဲ့ ကန်တာယာဉ်က ဘရိတ်ပေါက်ကာ သူ့ရှေ့တံတားအဆင်းမှာရှိ‌ နေတဲ့ စက်ဘီးတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ မှတ်တိုင်မှာ ရပ်‌တန့်ကာ လူတင်ချပြုလုပ်နေတဲ့ YBS ၆၁ ယာဉ် နောက်ပိုင်းကို အရှိန်နဲ့ဝင်ရောက်တိုက်မိတာလို့ သိရပါတယ်။

အဆိုပါယာဉ်တိုက်မိတဲ့ အရှိန်ကြောင့် တံတားဘေး အမှတ်(၁၁)အခြေခံပညာ မူလတန်းကျောင်းဘေးကနေ ကားလမ်းမပေါ်ကိုတက်ဖို့ ခေါင်းထိုးတင်လာတဲ့ ဆိုင်ကယ်နဲ့ YBS ၆၁ နောက်တည့်တည့်မှာရှိနေတဲ့ စက်ဘီးတို့ကိုတိုက်မိတာကြောင့် ဆိုင်ကယ်စီးနင်းသူ သေဆုံးပြီး စက်ဘီးသူကလေးငယ် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာလို့ တွဲလက်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

တွဲလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ အသက် ၄၀ ကျော်အမျိုးသားက ဆီးခုံပြင်းထန်ထိခိုက်ပေါ့။ အူပါထွက်ကျနေတာ။ ကလေးက‌လည်း အမျိုးသားအင်္ဂါနားကနေ စအိုအထိ ကွဲတဲ့ဒဏ်ရာ ပြင်းထန်တယ်။ ကလေးက ဆယ့်နှစ်နစ် ဆယ့်သုံးနှစ် အရွယ်ပါ။ သက်ဆိုင်ရာကလည်း ဒဏ်ရာရသူတွေကို အချိန်မီဆေးရုံပို့နိုင်ဖို့ စီစဉ်ညွှန်ကြားလို့ အင်းစိန်ရုံဆေးရုံဆီ အမြန်တင်ပို့ပေးခဲ့ပေမယ့် အမျိုးသားတစ်ဦးက ဆေးရုံအရောက်မှာ ဆုံးပါတယ်။ ကလေးကိုတော့ ဆေးရုံက ဟယ်လ်ပင်က‌လေးဆေးရုံဆီ လွှဲပြောင်းလို့ ကျွန်တော်တို့ကားနဲ့ပဲ လိုက်ပြီးပို့ဆောင်ကူညီခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။

မူရင်းသတင်း — Myanmar Transparency News