Myanmar Transparency News

ကျူရှင်ကနေအပြန် သူငယ်ချင်းတွေနဲ့အတူ လှိုင်မြစ်ထဲ ရေဆင်းကူးရာက ရေနစ်သေဆုံးသူ ကလေးနှစ်ဦးရဲ့ ရုပ်အလောင်း သုံးရက်မြောက်တဲ့နေ့မှာ ပြန်ပေါ်လာ

၁၉.၅.၂၀၂၅
Written by Hey Mar

သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် မြစ်ထဲရေဆင်းကူးရာက ညီအစ်ကိုနှစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ‌သီရိမင်္ဂလာဈေးသစ်အနီး လှိုင်မြစ်ထဲမှာပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒီနေ့ မေလ ၁၉ ရက်နေ့ မွန်းတည့်ချိန်ခန့်မှာတော့ အဆိုပါရေနစ်ပျောက်ဆုံးတဲ့နေရာနဲ့ မနီးမဝေးမှာ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ရေနစ်သေဆုံးသူ ကလေးနှစ်ဦးက အသက် ၁၃ နှစ်နဲ့ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးနှစ်ဦးဖြစ်ပြီးမိဘမသိအောင် ကျူရှင်ကနေအပြန် သူတို့ညီအကိုနှစ်ဦးအပါအဝင် သူငယ်ချင်းခုနစ်ဦး စုဖွဲ့ကာ ‌‌ ရွှေပိတောက်ငါးဈေးအနီးက ပိတောက်ချောင်းဆိပ်မှာ ဆင်းကူးရင်း အခုလို ဖြစ်ပျက်ခဲ့တာလို့ သိရပါတယ်။

လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ကလေးတွေက မိခင်တစ်ဦးတည်းက စောင့်ရှောက်နေရတဲ့ ကလေးတွေ။ အမေက လေးငါးနှစ်အရွယ်သားအငယ်လေးတစ်ဖက်နဲ့ အလုပ်လုပ်နေရတယ်။ သားအကြီးနှစ်ဦးက ရေနစ်သေဆုံးတယ်။ အလတ်ကောင်လေး ရေကူးရင်းနစ်နေတာကို အကြီးကောင်လေးက ကူညီရင်း နှစ်ဦးစလုံးဖြစ်တာလို့ ကြားတယ်။ တစ်ဦးက နစ်တဲ့နေရာနဲ့ မနီးမဝေးဘဲ ခြေထောက် ကြိုးရစ်လျက်သား ရေကျတော့ ပေါ်လာတယ်။ နောက်တစ်ဦးကတော့ ပိတောက်ချောင်းငါးဈေး ငါးဖမ်းစက်လှေတွေ ကပ်တဲ့ဆိပ်နားမှာပေါ်တာ။ တစ်နေ့တည်းပဲ အလောင်းတွေ့သူ‌တွေရဲ့ အချိန်ပဲ နည်းနည်းခြားတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ် ။

ရေနစ်သေဆုံးသူ ညီအကိုနှစ်ဦးရဲ့ ရုပ်အလောင်းကို လင်းလက်လူမှုကူညီရေးအသင်းက ဆယ်ယူ‌ပေးခဲ့ပြီး အသင်းယာဉ်နဲ့ပဲ ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ကာ မိခင်မှာ ချို့တဲ့ နွမ်းပါးသူဖြစ်တာကြောင့် ပရဟိတအသင်းကပဲ နာရေးကိစ္စပါ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News